ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

အဏ္ဏဝါအမျိုးသားဥယျာဉ် နံ့သာကျွန်းတွင် ရေနေသတ္တဝါများနှင့် ဆောင်းခိုငှက်များကို ခိုးယူသတ်ဖြတ်မှုများရှိသဖြင့် ရှားပါးငှက်မျိုးစိတ်များ မျိုးတုုန်းသွားမည်ကို စိုးရိမ်နေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 149


မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၁၇ /၂၀၂၄

ကမ္ဘာ့ရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေနှင့် မြန်မာနိုင်ငံ၏ ဒုတိယမြောက်အဏ္ဏဝါ အမျိုးသား ဥယျာဉ်အဖြစ်သတ်မှတ်ခံထားရသည့် ရခိုင်ပြည်ရှိ နံ့သာကျွန်းပေါ်တွင် ရေနေသတ္တဝါများနှင့် ဆောင်းခိုးငှက်များအား ခိုးယူသတ်ဖြတ်မှုများ ရှိနေသဖြင့်  ရှားပါး ငှက်မျိုးစိတ်များ မျိုးတုန်း သွားမည်ကို စိုးရိမ်နေရသည်ဟု သဘာ၀ပတ်ဝန်းကျင်အရေးလှုပ်ရှားနေသူများနှင့်  စောင့်ကြည့် နေသူများက ပြောသည်။

“အခု ဒီနံ့သာကျွန်းက အေအေရဲ့ အုပ်ချုပ်ရေး အောက်ကို မရောက်သေဘူး။ လက်ရှိ စစ်အစိုးရ အုပ်ချုပ်ရေးကလည်း လက်လှမ်းမမီဘူး။ ကျွန်းအနီးအနားမှာတော့ ရေတပ်စစ်ရေယာဉ်တွေတော့ ရှိတယ်။ ဒါပေမယ့် သူတို့လည်း ကျွန်းပေါ်တက်ပြီး ငါးဖမ်း၊ သစ်ခုတ်၊ ဆောင်းခိုငှက်တွေကို ခိုးယူသတ်ဖြတ်နေတာတွေကို တားဆီးနိုင်တဲ့ အနေအထားမရှိဘူး။ ပြောရရင် အုပ်ချုပ်ရေး မတည်ငြိမ်တဲ့ ကြားကာလမှာ ကျွန်းပေါ်တက်ပြီး ရေနေသတ္တဝါတွေ၊ ဆောင်းခိုငှက်တွေကို ဖမ်းယူ သတ်ဖြတ်မှုတွေတော့ရှိနေတာပေါ့”ဟု အမည်မဖော်လိုသူ စစ်တွေမှ လူမှုရေး လှုပ်ရှားနေသူ တစ်ဦးက​ပြောသည်။  

နံ့သာကျွန်းသည် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၏ အနောက်မြောက်ဘက် (၁၀)မိုင်အကွာ၊ ရသေ့တောင်မြို့နယ်ရှိ မေယုမြစ်ဝနှင့် ဘင်္ဂလား ပင်လယ်အော်ထဲတွင် တည်ရှိပြီး ရေမြေဧက ၂၂,ဝဝဝ ကျော်ကျယ်ဝန်းသည်။

ရသေ့တောင်မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားပြီ ဖြစ်သော်လည်း ရသေ့တောင်မြို့နယ်တွင် ပါဝင်သည့် အဆိုပါနံ့သာကျွန်းသည် စစ်တွေမြို့နှင့် နီးကပ်စွာတည်ရှိပြီ အဆိုပါ ကျွန်းအနီးတွင်လည်း  စစ်ကောင်စီ ရေတပ်သင်္ဘောများရှိ၍ AA အနေဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိသေးဟု ဆိုသည်။  



ယင်းသို့ စစ်ကောင်စီ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသည့်အပြင် ကျွန်းအနီး စစ်ကောင်စီ၏ နေဗီအချို့ပါရှိနေသော်လည်း ကျွန်းပေါ်တွင် သဲခိုးယူတူးခြင်း၊ရှားပါး ငှက်မျိုးစိပ်များအား ခိုးယူဖမ်းဆီးသတ်ဖြတ်ခြင်း၊ သားငါးများနှင့် ရှားပါးလိပ်မျိုးစိပ်များကို ခိုးယူဖမ်းဆီး သတ်ဖြတ်ခြင်းနှင့် ဒီရေပင်များအား ခိုးယူခုတ်ဖြတ်ခြင်းများကို ခံနေရဆဲဖြစ်သည်ဟု ရသေ့တောင် မြို့နယ်မှ စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

"သဲခိုးတူးတဲ့သူတွေရှိပါတယ်။ အဲဒီမှာတားမြစ်ထားတဲ့ ပြင်သာလိပ်တွေကို ခိုးဖမ်းတဲ့သူတွေ ရှိပါတယ်။ တားမြစ်ထားတဲ့ ငှက်မျိုးစိတ်တွေ၊ အဲဒီငှက်မျိုးစိတ်တွေကို ပစ်ခတ်တာတွေ၊ ပြီးရင် ဒီရေတောတွေခုတ်တာတွေလည်းရှိသေးတယ်။ အထူးသဖြင့် အဲဒီနားမှာ နေဗီတွေရှိတယ်"ဟု ပြောသည်။

နံ့သာကျွန်းတွင် ဂေဟစနစ်ကောင်းမွန်ပြီး တိရစ္ဆာန်များအတွက် အစာရေစာပြည့်လျှံ ပေါများသည့် အတွက် တစ်ကမ္ဘာလုံး၌ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိနေသော ရေညှောင့်နှုတ်ဝိုင်းငှက် ဒုတိယအများဆုံး လာရောက်ဆောင်းခိုလေ့ရှိသည့်အပြင် နှုတ်တို/ရှည်ငှက်နှင့် နော်မန်ခြေစိမ်းငှက် အစရှိသော ရွှေ့ပြောင်းငှက်မျိုးစိတ်များနှင့် ဌာနေငှက်များအပါအဝင် ပင်လယ်လိပ်မျိုးများ၊ ဧရာဝတီလင်းပိုင်များ၊ ရေနေသတ္တဝါများ လာရောက်ကျက်စားကြသည်ဟု သိရသည်။

နံ့သာကျွန်းကျွန်းကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အလို့ငှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနက "နံ့သာကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်" အဖြစ် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက် နေ့စွဲဖြင့် သတ်မှတ်ထားသည့် ကျွန်းတစ်ကျွန်းဖြစ်သည်။

ယင်းအပြင် ရေဝပ်ဒေသအချက် ၆ ချက်ဖြင့်ပြည့်စုံသည့်အတွက် ကမ္ဘာအနှံ့အပြားမှ ရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ်ရန် ဖွဲ့စည်းထားသည့် Ramsar အဖွဲ့၏ ရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေ အဖြစ်လည်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်တွင် သတ်မှတ်ခြင်း ခံထားရသော ကျွန်းတစ်ကျွန်းဖြစ်သည်။




ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က ရခိုင်တစ်ပြည်လုံးသို့ဝင်ရောက်တိုက်ခတ်သွားသည့် မိုခါမုန်တိုင်းကြောင့်လည်း ကျွန်းပေါ်ရှိ ဒီရေတောများသည်လည်း ၈၀ ရာခိုင်နှုန်းခန့် ပျက်စီး ကုန်သည့်အပြင် ငှက်မျိုးစိတ်များ၏ စားကျက်နေရာများလည်း ပျက်စီးသွားသည့်အတွက် အရေးတကြီး ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်နေခဲ့သည်။ 

ရခိုင်ပြည်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲကာလတွင် နံ့သာကျွန်းအနီးရှိ စစ်ကောင်စီနေဗီများက ရခိုင်မြို့/ရွာများကို လက်နက်ကြီးများဖြင့် လှမ်းပစ်ခြင်းတို့မှ ထွက်ပေါ်လာသည့် ပေါက်ကွဲသံများ၊ တုန်ခါမှုများနှင့် လက်နက်များတွင် ပါဝင်သည့် အဆိပ်ငွေ့များကြောင့်လည်းကောင်း၊ ကျွန်းအပေါ်မှနေ၍ စစ်ကောင်စီ၏ ဂျက်တိုက်လေယာဥ်များ၊ ထောက်ပို့ Y-12 လေယာဥ်များနှင့် ရဟတ်ယာဥ်များ အဆက်မပြတ် ပျံသန်းမှုတို့ကြောင့်လည်းကောင်း ကျွန်းပေါ်ရှိ ဆောင်းခိုငှက်များနှင့် လိပ်သားပေါက်များနှင့် ရေနောသယံဇာတများ ပျက်စီးဆုံးရှုံးနိုင်သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များက ထောက်ပြကြသည်။

ရခိုင်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို တစိုက်မတ်မတ်လုပ်နေသူ တစ်ဦးက "အသံတွေဆူဆူပူပူ၊ သူတို့ဒေသမှာမကြားဖူးတဲ့အသံတွေ၊ ကြောက်လန့်စရာ အသံတွေကြားရလို့ရှိခဲ့ရင် သူတို့က ရွှေ့ပြောင်းနိုင်တယ်။ နောက်တစ်ခုက ရေတုန်ခါမှုတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ၊ လေယာဥ်နဲ့ဗုံးကြဲမှုတွေဖြစ်ဖြစ် ရေတုန်ခါမှုတွေရှိတယ် ဆိုလို့ရှိရင် ရေအောက်ထဲမှာရှိတဲ့ ရေသယံဇာတတွေရဲ့ သားပေါက်မှုတွေဟာ ထိခိုက်နိုင်တယ်။ ဒီလို တုန်ခါမှုတွေရဲ့ဒဏ်ကိုမခံနိုင်လို့ ရေသယံဇာတတွေဟာ ပြောင်းရွှေ့သွားနိုင်တာတွေရှိသလို အဲဒီနေရာမှာ သေဆုံးပြီးတော့ မျိုးတုန်းသွားနိုင်တယ်"ဟု ပြောသည်။

နံ့သာကျွန်းသည် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခံထားရသော်လည်း လက်တွေ့တွင် ထိန်းသိမ်းစောင့်ရှောက်မှုကင်းမဲ့လျက်ရှိကာ ကျွန်းတစ်ခုလုံး အဖက်ဖက်မှ ယိုယွင်းပျက်စီးလာနေကြောင်း သိရသည်။

ဓာတ်ပုံ - နံ့သာကျွန်းကို ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်က မိုခါမုန်တိုင်းတိုက်ခတ်အပြီး မြင်တွေ့ရစဥ်။

Photo - Narinjara & Ko Ran Naung Soe

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!