အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ကမ္ဘာ့ဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပမည့် နယူးဇီလန်မြို့တော်တွင်ပစ်ခတ်မှုဖြစ်၍ နှစ်ဦးသေဆုံးပြီး သေနတ်သမားကို အသေဖမ်းဆီးရမိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 817

ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပမည့် နယူးဇီလန်နိုင်ငံ၊ အောက်ကလန်မြို့လယ်တွင် ကြာသပတေးနေ့ နံနက်ပိုင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့ပြီး ရဲအရာရှိများအပါအဝင် ၆ ဦးဒဏ်ရာရကာ သေနတ်သမားကို အသေဖမ်းဆီးရမိခဲ့သည်ဟု သိရှိရသည်။

ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲမကျင်းပမီ နာရီပိုင်းအလိုတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှာ အောက်ကလန်မြို့လယ်ရှိ ဆောက်လုပ်ရေးဝင်းတစ်ခုအတွင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

နယူးဇီလန်ဝန်ကြီးချုပ် ခရစ္စ ဟစ်ကင်းစ် က ပစ်ခတ်တိုက်ခိုက်မှုမှာ အကြမ်းဖက်မှု မဟုတ်ဘဲ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ကြိုတင်စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဟု ဆိုသည်။

" ဒီပစ်ခတ်တိုက်ခိုက်မှုမှာ နိုင်ငံရေးအရ သို့မဟုတ် အယူအဆရေးနဲ့ သက်ဆိုင်တဲ့ ဆက်နွှယ်မှု တစ်စုံတစ်ရာ မတွေ့ရပါဘူး။ ဒါကြောင့်မို့လို့ အမျိုးသားလုံခြုံရေးအန္တရာယ်လည်း မရှိပါဘူး" ဟု ခရစ္စ ဟစ်ကင်းစ် က ပြောကြားခဲ့သည်။

(၉)ကြိမ်မြောက် ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဩစတြေးလျ နှင့် နယူးဇီလန်တို့က ပူးတွဲအိမ်ရှင်အဖြစ် ဇူလိုင်လ(၂၀)ရက်နေ့မှ စတင်ကာ ကျင်းပနေပြီဖြစ်ရာ နယူးဇီလန်မြို့တော် အောက်ကလန်သို့ ထောင်ပေါင်းများစွာသော ကမ္ဘာလှည့်ခရီများ ရောက်ရှိနေကြပြီဖြစ်သည်။

နယူးဇီလန် ရဲအရာရှိ အင်ဒရူးကော့စတာက ပစ်ခတ်မှုတွင် ရဲအရာရှိတစ်ဦး ဒဏ်ရာရရှိပြီး အခြားလူလေးဦးလည်း ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

ပစ်ခတ်သူသေနတ်သမားကို အတိအကျ မသိရသေးသော်လည်း သူသည် ဆောက်လုပ်ရေးဝင်းအတွင်း အလုပ်လုပ်နေသော အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သည်ဟု သိရသည်။


ပစ်ခတ်မှုဖြစ်ပွားစဉ် နယူးဇီလန်၊ နော်ဝေ၊ အီတလီ၊ အမေရိကန်၊ ဗီယက်နမ် နှင့် ပေါ်တူဂီအမျိုးသမီးအသင်းများ အောက်ကလန်မြို့တွင် ရောက်ရှိနေသည်။

" ဒီဖြစ်ရပ်ဟာ သီးခြားဖြစ်စဉ်တစ်ခုဖြစ်ပြီး ဘောလုံးပြိုင်ပွဲနဲ့ မသက်ဆိုင်ပါဘူး။ဒီနေ့ ည အေဒင် ပန်းခြံမှာ ကျင်းပပြုလုပ်မယ့် ဖွင့်ပွဲအခမ်းအနားကို ပုံမှန်အတိုင်း ကျင်းပသွားပါမယ်" ဟု ဖီဖာ​၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ရိုက်တာသတင်းက ရေးသားခဲ့သည်။

ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်-၂၀ရက်၊ ကြာသတေးနေ့ တွင် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီ နှင့် နယူးဇီလန်နိုင်ငံ အောက်ကလန်တို့တွင် တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် နော်ဝေ နှင့် နယူးဇီလန်၊ ဩစတြေးလျ နှင့် အိုင်ယာလန်တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 NN-27

 ref: cna/bbc

 

ဆက်စပ် သတင်းများ