ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

အီတလီကမ်းလွန်တွင် စက်လှေနစ်မြုပ်ပြီး ဥရောပသို့ ပြောင်းရွှေ့ခိုလှုံရန် ကြိုးပမ်းသူ ၄၁ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 611

အီတလီကမ်းလွန် လမ်ပီဒူဆာကျွန်းအနီး ပင်လယ်ပြင်တွင် စက်လှေတစ်စီး နစ်မြုပ်သွားရာ ဥရောပသို့ ပြောင်းရွှေ့ခိုလှုံရန်ကြိုးပမ်းသူ ၄၁ ဦးသေဆုံးသွားကြောင်း အသက်မသေဘဲကျန်ရစ်သူများက မီဒီယာများသို့ ပြောကြားခဲ့သည်။

စက်လှေနစ်မြုပ်ရာမှ အသက်မသေဘဲ ကျန်ရစ်သူ ၄ ဦးက ၄င်းတို့သည် တူနီးရှားနိုင်ငံ အက်စ်ဖက်ဒေသမှ အီတလီနိုင်ငံသို့ အသွား ပင်လယ်ပြင်တွင် စက်လှေနစ်မြုပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

မူရင်း အိုင်ဗရီကို့စ် နှင့် ဂီနီ နိုင်ငံတို့မှ လာသော အသက်မသေဘဲကျန်ရစ်သူ ၄ ဦးသည် ဗုဒ္ဓဟူးနေ့က လမ်ပီဒူဆာကျွန်းသို့ ရောက်ရှိလာကြသည်။

ယခုနှစ်အတွင်း မြောက်အာဖရိက မှ ဥရောပသို့ ဖြတ်ကျော်ဝင်ရောက်ရန်ကြိုးပမ်းရင်း အသက်သေဆုံးသွားသူပေါင်းမှာ ၁၈၀၀ ကျော် ရှိသွားပြီဟု သိရသည်။

အမျိုးသား ၃ ဦး နှင့် အမျိုးသမီး ၁ ဦး ပါဝင်သော အသက်ရှင်ကျန်သူ ၄ ဦးက စက်လှေပေါ်တွင် ကလေးငယ် ၃ ဦးအပါအဝင် လူပေါင်း ၄၅ ဦး လိုက်ပါလာခဲ့သည်ဟု ပြောပြသည်။

ပေ ၂၀ အရှည်ရှိသော စက်လှေသည် ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့က တူနီးရှားနိုင်ငံ အက်စ်ဖက်စ် မှ ထွက်ခွါလာခဲ့ကြောင်း၊ ပင်လယ်ပြင်တွင် လှိုင်းရိုက်မိပြီး တစ်နာရီအတွင်း နစ်မြုပ်သွားကြောင်း၊ ၄င်းတို့ ၄ ဦးကို ကုန်သင်္ဘောတစ်စီးက ကယ်တင်ခဲ့ပြီး အီတလီကမ်းခြေစောင့်သင်္ဘောပေါ်သို့ လွှဲပြောင်းပေးခဲ့သည်ဟု အသက်ရှင်ကျန်သူများက ဆိုသည်။

တူနီးရှားအာဏာပိုင်များက လမ်ပီဒူဆာကျွန်းမှ မိုင် ၈၀ သာကွာဝေးသော အက်စ်ဖက်စ် ဆိပ်ကမ်းသည် အာဖရိကမှ ဥရောပသို့ ပြောင်းရွှေ့ခိုလှုံရန်ကြိုးပမ်းသူများ၏ အဓိက ဝင်ပေါက်တစ်ခုဖြစ်သည်ဟု ဆိုသည်။ (NN-27)

ref:BBCWorld

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!