ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ဟာဝိုင်ယီ မာအွီကျွန်းတွင် တောမီးကူးစက်လောင်ကျွမ်းမှုကြောင့် သမိုင်းဝင် လာဟိုင်းနားမြို့ရှိ အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ကျွမ်းခံရပြီး လူပေါင်း ၆၇ ဦးသေဆုံး


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 598

အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ်ရှိ မာအွီကျွန်းတွင် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က တောမီးလောင်ကျွမ်းမှု ဖြစ်ပွါးခဲ့ရာ လျင်မြန်သော တောမီးအရှိန်ကြောင့် သမိုင်းဝင် အပန်းဖြေ လာဟိုင်းနားမြို့တစ်မြို့လုံး မီးကူးစက်လောင်ကျွမ်းခံရပြီး အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ဆုံးရှုံးကာ လူပေါင်း ၆၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

 

ဟာဝိုင်ယီပြည်နယ် တာဝန်ရှိသူများက ယခုကဲ့သို့ အကြီးအကျယ် မီးလောင်ကျွမ်းခံရမှု အကြောင်းရင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟုဆိုသည်။

 

မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူအရေအတွက် တိုးပွါးလာနိုင်သည်ဟု သိရှိရပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲများသည် အနံ့ခံခွေးများဖြင့် မီးလောင်ပြင်တွင် ရှာဖွေမှုများဆက်လက်ပြုလုပ်လျှက်ရှိသည်။

 

ဟာဝိုင်ယီပြည်နယ်သမိုင်းတွင် အဆိုးရွားဆုံး သဘာဝဘေးဟု သတ်မှတ်သည့် တောမီးလောင်ကျွမ်းမှုတွင် သမိုင်းဝင် လာဟိုင်းနားမြို့ရှိ အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ခံရပြီး ထောင်နှင့်ချီသော လူအများ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

 

မီးငြှိမ်းသတ်မှုများ လုပ်ဆောင်နေစဉ် နောက်ထပ် အလောင်း ၁၂ လောင်း ထပ်မံတွေ့ရှိခဲ့ရသဖြင့် သောကြာနေ့အထိ သေဆုံးသူ ၆၇ ဦးရှိသွားပြီဟု မာအွီကျွန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျို့ရှ် ဂရင်းကသေဆုံးသူအရေအတွက် တိုးပွါးလာဖို့က အသေအချာပါပဲ။ ဘယ်လောက်ရှိမယ်ဆိုတာတော့ မပြောနိုင်ဘူး။” ဟု စီအန်အန် သတင်းဌာနသို့ ပြောကြားခဲ့သည်။

 

မီးလောင်ကျွမ်းမှုဖြစ်ပွါးပြီး သုံးရက်ကြာသည်အထိ တောမီး စတင်လောင်ကျွမ်းချိန်တွင် မြို့နေလူများအား ကြိုတင်သတိပေးမှု ရှိ/မရှိ ရှင်းရှင်းလင်း မသိရသေးပေ။

 

အဆိုပါ လာဟိုင်းနားမြို့ငယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်အချက်ပေး ဥဩဆွဲစနစ် တပ်ဆင်ထားသော်လည်း မီးလောင်စဉ် ကြိုတင်အချက်ပေးသံ ထွက်ပေါ်လာခြင်း မရှိခဲ့ဟု ဆိုသည်။ 

ref: CNA

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!