တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

မော်ရိုကိုနိုင်ငံ၌ အင်အားအလွန်ပြင်းထန်သော ငလျင်လှုတ်ခတ်မှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 522

(နေအိမ်အဆောက်အဦးများ ပြိုကျပြီး လူပေါင်း ၃၀၀ နီးပါး သေဆုံး)

မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာလ ၈ ရက်၊ ည ၁၁နာရီခန့်က အင်အားအလွန်ပြင်းထန်သော မြေငလျင် လှုပ်ခတ်မှုဖြစ်ပွါးခဲ့ရာ ကနဦး ရရှိသောသတင်းများအရ လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့သည်ဟု သိရှိရသည်။

မော်ရိုကိုအစိုးရ၏ ကနဦးသတင်းထုတ်ပြန်ချက်အရ ငလျင်သည် နိုင်ငံအလယ်ပိုင်း မာရာကက်ရှ်မြို့အနီး ဗဟိုပြုလှုပ်သွားခြင်းဖြစ်ပြီး အင်အား ၆ ဒဿမ ၈ မဂ္ဂနီကျုရှိသည်ဟု ဆိုသည်။

“ အယ်ဟာအွတ်ဇ်၊ မာရာကက်ရှ်၊ အွာဇာဇိတ်၊ အဇီဇယ်၊ ချီချာအွာ၊ တာရူဒန့် မြို့များက ရရှိတဲ့ သတင်းတွေအရ လူပေါင်း ၂၉၅ ဦး သေဆုံးခဲ့ပြီး ၁၅၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ပြည်ထဲရေးဌာနက ပြောကြားသည်။

 

ယူနက်စ်ကို၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် မြို့ဟောင်း မာရာကက်ရှ်တွင် ရှေးဟောင်းအဆောက်အအုံအများအပြား ပြိုကျခဲ့သည်ဟု ဒေသခံများက ပြောကြားခဲ့သည်။

 

ရုပ်သံသတင်းတစ်ခုတွင် ပြိုကျသွားသော ဗလီတစ်ခု၏ မျှော်စင်အပိုင်းအစများ ကားတစ်စီးပေါ် ကျရောက်နေသည်ကို မြင်တွေ့ကြရသည်။

 



မော်ရိုကို ဘူမိရူပဗေဒစင်တာက ငလျင်သည် High Atlas တောင်တန်းနယ်မြေ၊ အစ်ဂ်ဟီးလ် ဒေသကို ဗဟိုပြုကာ အင်အား ၇ ဒဿမ ၂ မဂ္ဂနီကျုပြင်းအားဖြင့် လှုပ်ခတ်ခဲ့သည်ဟု ပြောကြားသည်။

 

အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာနကမူ ငလျင်ပြင်းအား ၆ ဒဿမ ၈ ရှိပြီး မြေအောက် ၁၈ ဒဿမ ၅ ကီလိုမီတာသာ အနက်ရှိသော နေရာကို ဗဟိုပြုလှုပ်ခတ်ခဲ့သည်ဟုဆိုသည်။

 

လယ်ယာစိုက်ပျိုးသူများသာနေထိုင်သည့် Ighil အစ်ဂ်ဟီးကျေးရွာသည် မာရာကက်ရှ်မြို့၏ အနောက်တောင်ဘက် ကီလိုမီတာ (၇၀) အကွာတွင်တည်ရှိပြီး တောင်ကုန်းတောင်တန်း ထူထပ်သောနေရာတစ်ခုဖြစ်သည်။

 

ငလျင်လှုပ်ခတ်ချိန်မှာ ည ၁၁ နာရီကျော်ဖြစ်သည်ဟု ဆိုသည်။

 

အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနက ယခုလှုပ်ခတ်သည့် ငလျင်ပြင်းအားကြောင့် ထိခိုက်ပျက်စီးမှု ပမာဏကို အဝါရောင်အဆင့်သတ်မှတ်ထားသည်။

 

မော်ရိုကို မီဒီယာများက ယခုငလျင်သည် မော်ရိုကိုနိုင်ငံတွင် လှုပ်ခဲ့သည့်ငလျင်များအနက် အပြင်းထန်ဆုံးဖြစ်သည်ဟု ဖော်ပြကြသည်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက မော်ရိုကိုငလျင်အတွက် များစွာ စိတ်ထိခိုက်ခံစားရသည်ဟု ပြောကြားခဲ့သည်။

 

NN-27

ref:CNA/Reuters

ဆက်စပ် သတင်းများ