တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန် တော်ပီဒို ထိမှန်ကာ နစ်မြုပ်သွားခဲ့သည့် ဗြိတိသျှရေငုပ်သင်္ဘော ၈၃နှစ်အကြာတွင် ပြန်လည်ရှာဖွေတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန် တော်ပီဒို ထိမှန်ကာ နစ်မြုပ်သွားခဲ့သည့် ဗြိတိသျှရေငုပ်သင်္ဘော တစ်စီးကို နော်ဝေကမ်းလွန်ပင်လယ်ပြင်အောက် တစ်နေရာတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သုတေသီများက ဆိုသည်။

အဆိုပါ ရေငုပ်သင်္ဘောပျက်ကို ပြီးခဲ့သည့် မတ်လကတည်းက ရှာဖွေတွေ့ရှိခဲ့သော်လည်း ဗြိတိသျှရေငုပ်သင်္ဘော HMS Thistle ဖြစ်မှန်း ယခုတစ်ပတ်ကျမှ ဖော်ထုတ်နိုင်ခဲ့သည်။

ရေငုပ်သင်္ဘော ရှာဖွေလေ့လာမှုနှင့် သုတေသနပြုမှုကို နော်ဝေ အဏ္ဏဝါသိပ္ပံတက္ကသိုလ်က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နော်ဝေအဏ္ဏဝါသိပ္ပဲတက္ကသိုလ်သည် သမုဒ္ဒရာကြမ်းပြင်အောက် ပုံမှန်လေ့လာရေးပြုလုပ်နေစဉ် ရေအောက်တစ်နေရာ၌ ထူးဆန်းသောအရာဝတ္ထုတစ်ခုကို တွေ့ရှိခဲ့ကြသည်။ သုတေသီအဖွဲ့သည် အဆိုပါနေရာကို သုတေသနပြုလုပ်ရန်နေရာအဖြစ်သတ်မှတ်ကာ ထူးဆန်းသည့်အရာဝတ္ထုအား ရေအောက်ကြမ်းပြင်အထိ ရေအောက်ကင်မရာများအသုံးပြုကာ အနီးကပ်လေ့လာခဲ့ကြသည်။

နော်ဝေအဏ္ဏဝါသိပ္ပံမှ အထက်တန်းအင်ဂျင်နီယာ ဘက်ကီပလပ်စ် ဦးဆောင်သောအဖွဲ့သည် ရေအောက်အပျက်အစီးကို အနီးကပ်လေ့လာပြီးနောက် ဗြိတိသျှနှင့် နော်ဝေရေတပ်များနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ “ရေငုပ်သင်္ဘောပျက်” တစ်ခုဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ထို့နောက် ရေငုပ်သင်္ဘောကျွမ်းကျင်သူများ၊ အဏ္ဏဝါပြတိုက်များ နှင့် သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူများကို မေးမြန်းခဲ့ရာ အဆိုပါရေငုပ်သင်္ဘောမှာ ဒုတိယကမ္ဘာစစ်အတွင်းက နစ်မြပ်သွားသော HMS Thistle ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

ဗြိတိသျှရေငုပ်သင်္ဘော HMS Thistle သည် ၁၉၄၀၊ ဧပြီလ(၁၀)ရက်က ဂျာမန်ရေငုပ်သင်္ဘောက ပစ်လွှတ်လိုက်သည့် တော်ပီဒို ထိမှန်ကာ နစ်မြုပ်သွားခြင်းဖြစ်ပြီး သင်္ဘောပေါ် လိုက်ပါလာသည့် ရေတပ်သား ၅၃ဦးစလုံး အသက်ဆုံးရှုံးခဲ့သည်ဟု သိရသည်။

 

NN-27

ref:CBS news

ဆက်စပ် သတင်းများ