တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ဗိုလ်ချုပ်ကာဆမ်ဆိုလေမာနီ၏ အုတ်ဂူအနီး လေးနှစ်ပြည့် အခမ်းအနားကျင်းပနေစဉ် ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲပြီး လူပေါင်း ၁၀၀ နီးပါးသေဆုံး


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၄ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 408

လွန်ခဲ့သည့် လေးနှစ်က အမေရိကန်တို့၏ ဒရုန်းလက်ချက်ဖြင့် အီရတ်နိုင်ငံတွင် ကျဆုံးခဲ့ရသည့် အီရန် ဗိုလ်ချုပ် ကာဆမ် ဆိုလေမာနီ၏ အုတ်ဂူအနီး ဗုဒ္ဓဟူးနေ့က လေးနှစ်ပြည့်အခမ်းအနား ကျင်းပနေစဉ် ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ လူပေါင်း ၁၀၀ နီးပါးသေဆုံးပြီး အမြောက်အများ ဒဏ်ရာရခဲ့သည်ဟု သိရသည်။

၎င်းအခမ်းအနားကို အီရန်နိုင်ငံ ကာမန်မြို့ ရှာဟက်အယ်လ်ဇာမန်း ဗလီအနီး ကျင်းပနေစဉ် မွန်းလွဲ သုံးနာရီအချိန်၌ ဗုံးတစ်လုံးပေါက်ကွဲပြီး ၁၅ မိနစ်အကြာတွင် နောက်ထပ်ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့သည်ဟု သိရသည်။

ပြင်းထန်သောပေါက်ကွဲမှုကြောင့် စီတန်းလှည့်လည်နေသောလူအုပ်ကြီးတစ်ခုလုံး အတုံးအရုံးလဲကိသွားပြီး လူအချို့ထွက်ပြေးနေစဉ် နောက်ထပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်။ အီရန်ကျန်းမာရေးဝန်ကြီး ဘာရမ် အင်နိုလာလီ၏ ပြောကြားချက်အရ ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၉၅ ဦး သေဆုံးပြီး ၂၁၁ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။


အီရန် ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီက ဗုံးဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများကို အပြင်းထန်ဆုံး လက်တုန့်ပြန်မှုနှင့် ရင်ဆိုင်ရမည်ဟု ကြုံးဝါးပြောဆိုခဲ့သည်။

ယခု ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ မည်သူ့လက်ချက်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အီရန်နိုင်ငံတွင် ၄၂ နှစ်အတွင်း အပြင်းထန်ဆုံး ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကနဦးသတင်းထုတ်ပြန်ချက်တွင် လူပေါင်း ၁၀၃ ဦးဟု ဖော်ပြခဲ့သည်။

ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ ယခုနှစ်များအတွင်း အီရန်နိုင်ငံတွင် အရပ်သားများနှင့် လုံခြုံရေး တပ်ဖွဲ့များကို တိုက်ခိုက်နေသော အာရပ်ခွဲထွက်အုပ်စု နှင့် ဆွန်နီ ဂျေဟဒ်အုပ်စု အိုင်အက်စ်များ၏ လက်ချက်ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။

၂၀၂၀ ပြည့်နှစ်က အမေရိကန်တို့၏ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အီရတ်နိုင်ငံတွင် သေဆုံးခဲ့ရသည့် အီရန် ဗိုလ်ချုပ် ဆိုလေမာနီသည် ခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီပြီးလျှင် ဒုတိယအကြီးဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သည်။ NN-27

ref:CNA

ဆက်စပ် သတင်းများ