တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရဲများဆန္ဒပြမှု ဖြစ်ပွါးပြီးနောက် ပါပူအာနယူးဂီနီတွင် စျေးဆိုင်များ၊ စီးပွါးရေးလုပ်ငန်းများ မီးရှို့ခံရပြီး လုယက်မှုများ ဖြစ်ပေါ်နေ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 710

ရဲများ လစာဖြတ်တောက်ခံရသဖြင့် ဆန္ဒပြမှု ဖြစ်ပွါးပြီးနောက် ဗုဒ္ဓဟူးနေ့က ပါပူအာ နယူးဂီနီမြို့တော်တွင် စျေးဆိုင်များနှင့် စီးပွါးရေးလုပ်ငန်းများ မီးရှို့တိုက်ခိုက်ခံရပြီး လုယက်မှုများ ဖြစ်ပေါ်ကာ လူအချို့သေဆုံးခဲ့သည်ဟု သိရသည်။

ပါပူအာ နယူးဂီနီ အာဏာပိုင်များက စီမံအုပ်ချုပ်ရေးဆိုင်ရာ မှားယွင်းမှုတစ်ခုကြောင့် ရဲအရာရှိများ၏ လစာလျော့နည်းခဲ့ပြီး အမြန်ဆုံး ပြန်ပြင်ပေးမည်ဟု ဆိုသည်။

မြို့တော် ပို့ မိုရက်စ်ဘီတွင် အခြေအနေများ ထိန်းမနိုင်သိမ်းမရ ဖြစ်ပွါးပြီးနောက် အခွင့်အရေးသမားများက မီးရှို့မှု နှင့် လုယက်မှုများ ကျူးလွန်ခဲ့သည်ဟု မြို့တော်အုပ်ချုပ်ရေးမှူး ပိုဝက်စ် ပါကော့က အက်ဖ်အမ်ရေဒီယိုမှတစ်ဆင့် ထုတ်လွှင့်ရာတွင် ပြောကြားခဲ့သည်။

“ မြို့တော်မှာ နိုင်ငံသမိုင်းတစ်လျှောက် တစ်ခါမှ မကြုံဖူးတဲ့ ဆူပူမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်” ဟု သူက ပြောဆိုသည်။

အခြားသောဒေသမှ အရန်ရဲများကို မြို့တော် မိုရက်စ်ဘီသို့ ရွှေ့ပြောင်းထားသည်ဟု ရဲမှူးချုပ် ဒေဗစ်မန်းနီးက ကြေညာထားသည်။


ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သော ပါပူအာ နယူးဂီနီတွင် ပြီးခဲ့သည့်နှစ်အတွင်း အကြမ်းဖက် ရာဇဝတ်မှုများ တိုးပွါးလာနေပြီး ထိန်းချုပ်ရန် ကြိုးပမ်းနေရသည်။ ဗုဒ္ဓဟူးနေ့က မြို့တော် ပို့ မိုရက်စ်ဘီတွင် မီးများလောင်ကျွမ်းနေသည့် သတင်းနှင့် ပုံများကို ပါပူအာ Post Courier သတင်းစာတွင် မြင်တွေ့ရသည်။

ပါပူအာ နယူးဂီနီ လွှတ်တော် အစောင့်ရုံး မီးရှို့ခံရကြောင်း အဆိုပါသတင်းစာက ရေးသားထားသည်။ ကာကွယ်ရေးတပ်ဖွဲ့များ မြို့တော်ထဲသို့ ဝင်ရောက်လာပြီဟု မြို့တော်အုပ်ချုပ်ရေးမှူး ပါကော့က ပြောဆိုသည်။

လူအချို့ သေဆုံးကြောင်း ပြောဆိုသော်လည်း အရေအတွက် မည်မျှကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ပါပူအာ ရဲများသည် ၄င်းတို့၏ လစာများ လျှော့ချခံထားရကြောင်း သိရှိပြီးနောက် ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှစ၍ ဆန္ဒပြခဲ့ကြသည်။\

ရဲများအပေါ် အခွန်တိုးကောက်ခံမည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း အစိုးရက ဆိုရှယ်မီဒီယာမှ တစ်ဆင့် သတင်းများ ဖြန့်ဝေနေရသည်ဟု ဆိုသည်။ ရဲမရှိလျှင် မြို့တော်ကို ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း မြို့တော်အုပ်ချုပ်ရေးမှူး ပါကော့က အသံလွှင့်ရာတွင် ပြောကြားခဲ့သည်။

 

NN-27

ref:Bangkok Post

ဆက်စပ် သတင်းများ