ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လာမည့်လတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် အကျဉ်းထောင်ကလွတ်မည်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၈ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 674

ထောင်သွင်းအကျဉ်းချခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် သည် လာမည့် ဖေဖော်ဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာတော့မည်ဟု သိရှိရသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေအရ လွတ်ငြိမ်းချမ်းသာခွင့် ပေးထိုက်ကြောင်း ထိုင်းအကျဉ်းဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အသက် ၇၄ နှစ်ရှိပြီဖြစ်သော သက်ဆင်သည် ပြီးခဲ့သည့် ဩဂုတ်လက ပြည်ပတွင် ၁၅ နှစ်ကြာ ပြည်ပြေးဘဝဖြင့် နေထိုင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ လေဆိပ်သို့ ရောက်ရှိလာသော သက်ဆင်အား ထိုင်းရဲအရာရှိများက တရားရုံးသို့ ခေါ်ဆောင်ပြီး (အာဏာအလွဲသုံးစားမှုဖြင့်) ကျခံရန်ရှိသော ထောက်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

သက်ဆင်သည် သွေးတိုး နှင့် နလုံးရောဂါခံစားနေရသဖြင့် ထောင်ဆေးရုံတွင် ကုသမှုခံယူနေခဲ့ရသည်။ နောက်ပိုင်းတွင် သက်ဆင်၏ ပြစ်ဒဏ်ကို ဘုရင့်လွတ်ငြိမ်းခွင့်ဖြင့် တစ်နှစ်သို့ လျှော့ချပေးခဲ့သည်။

“ သတ်မှတ်ထားတဲ့ အချက်အားလုံးနဲ့ ပြည့်စုံတဲ့အတွက် သူဟာ အထူးလွတ်ငြိမ်းခွင့် ရထိုက်ပါတယ်” ဟု ထိုင်းအကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဆစ်သီ ဆူတီဗောင်က သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၂၀၀၆ခုနှစ်တွင် ထိုင်းစစ်တပ်၏ အာဏာသိမ်းခြင်း ခံရပြီးနောက် ပြည်ပတွင် ၁၇ နှစ်ကြာ တိမ်းရှောင်နေထိုင်ခဲ့ပြီး ပြည်ပမှတစ်ဆင့် ထိုင်းနိုင်ငံရေးကို လွှမ်းမိုးနေခဲ့သည်။

ဆက်သွယ်ရေးကုမ္ပဏီသူဌေးကြီး နှင့် ပရီးမီးယားလိဂ်ကလပ် မန်စီးတီး ပိုင်ရှင်ဖြစ်ခဲ့သူ သက်ဆင်အား အကျင့်ပျက်ခြစားမှု၊ ဆွေမျိုးသားချင်းအား အခွင့်အရေးပေးမှု၊ အာဏာအလွဲသုံးစားမှုဖြင့် စစ်တပ်က စွပ်စွဲကာ အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် သက်ဆင်အား မျက်ကွယ်တွင် ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ သက်ဆင်၏ ညီမဖြစ်သူ ဝန်ကြီးချုပ် ရင်လပ် ရှင်နာဝါထရာ ကိုလည်း ၂၀၁၄ ခုနှစ်တွင် စစ်တပ်က ရာထူးမှ ဖယ်ရှားပြီး အာဏာသိမ်းခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လက ပြည်ပတွင် တိမ်းရှောင်နေရာမှ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော သပ်ဆင်အား သူ့အားထောက်ခံကြသူများက လေဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

သက်ဆင်ပြန်ရောက်လာသောနေ့မှာပင် သူ၏မဟာမိတ် အိမ်ခြံမြေသူဌေးကြီး ဆရက်ထာ ထာ့ဝီဆင် လွှတ်တော်တွင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

NN-27

ref:CNA

ဆက်စပ် သတင်းများ