ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ဂျပန်အာကာသယာဉ် လပေါ်သို့ အောင်မြင်စွာဆင်းသက်နိုင်ခဲ့သော်လည်း နေရောင်ခြည်စွမ်းအင်ပြား အလုပ်မလုပ်သောကြောင့် နာရီအနည်းငယ်အတွင်း ယာဉ်ရပ်ဆိုင်းသွားဖွယ်ရှိနေဟုဆို


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 340

ဂျပန်နိုင်ငံက လွှတ်တင်လိုက်သော လကမ္ဘာ စူးစမ်းလေ့လာရေး အာကာသယာဉ် (SLIM) သည် ဇန်နဝါရီ ၂၀ရက် (စနေနေ့ ) က လမျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြောင်း ဂျပန် အာကာသလေ့လာရေး အေဂျင်စီ ( JAXA) က ထုတ်ပြန်ကြေညာလိုက်သည်။

ယခုကဲ့သို့ အာကာသယာဉ်တစ်စင်း လမျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်စေနိုင်သဖြင့် ဂျပန်သည် အမေရိကန်၊ ဆိုဗီယက်၊ တရုတ် နှင့် အိန္ဒိယတို့ပြီးလျှင် ကမ္ဘာပေါ်တွင် လပေါ် သို့ အာကာသယာဉ်စေလွှတ်နိုင်သော ပဉ္စမမြောက်နိုင်ငံ ဖြစ်လာသည်။

ဂျပန်နိုင်ငံက လွှတ်တင်လိုက်သည့် လကမ္ဘာစူးစမ်းရေး စမတ် လဆင်းယာဉ်( SLIM) သည် လမျက်နှာပြင်​၏ မီတာ ၁၀၀၊ (ပေ ၃၃၀) ပတ်လည်အတွင်း အတိအကျ ငြင်သာစွာ ဆင်းသက်နိုင်အောင် ဖန်တီးထားသော လဆင်းယာဉ်ဖြစ်ပြီး ခန့်မှန်းထားသည့်အတိုင်း အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်ဟု သိရသည်။

သို့သော် ဂျပန် လဆင်းယာဉ် (SLIM) သည် လမျက်နှာပြင်ပေါ်သို့ အရောက်တွင် ယာဉ်ပေါ်၌ တပ်ဆင်ထားသည့် နေရောင်ခြည်စွမ်းအင်သုံး ကိရိယာမှာ လျှပ်စစ်ဓါတ်အား မထုတ်ပေးနိုင်ဘဲ ရပ်တန့်နေသည့်အတွက် ကမ္ဘာမြေသို့ အချက်အလက်ပေးပို့ရန် ပြဿနာနှင့် ကြုံတွေ့နေရသည်။

လဆင်းယာဉ်​၏ နေရောင်ခြည်စွမ်းအင်ပြား (Solar Panel ) အလုပ်မလုပ်ဘဲ ယာဉ်တွင်တပ်ဆင်ထားသည့် ဘတ္ထရီအားတစ်ခုတည်းကိုသာ အသုံးပြုရသောကြောင့် နာရီအနည်းငယ်အတွင်း လဆင်းယာဉ်သည် ရပ်ဆိုင်းသွားဖွယ်ရှိနေသည်ဟုလည်း သိရှိရသည်။

မြေပြင်ရှိ ဂျပန်အင်ဂျင်နီယာများက လဆင်းယာဉ် အသက်ဆက်ရှင်နိုင်ရေးအတွက် ကြိုးပမ်းလျှက် ရှိကြပြီး လမျက်နှာပြင်ပေါ် ကျရောက်သော နေရောင်ခြည်လမ်းကြောင်း အပြောင်းအလဲကြောင့် ဆိုလာစွမ်းအင် ပြန်လည်အသက်ဝင်လာနိုင်ဖွယ် ရှိနေသည်ဟုလည်း သိရသည်။

ဂျပန် အာကာသယာဉ် (SLIM) မှ အချက်ပြမှုများ မရရှိတော့ကြောင်း နာဆာ​၏ Deep Space Network ​၏ အချက်အလက်များကလည်း ဖော်ပြသည်။ ယခုကဲ့သို့ အချက်ပြမှု ရပ်ဆိုင်းသွားခြင်းမှာ ယာယီလား၊ အမြဲတမ်းလား ရှင်းရှင်းလင်းလင်း မသိရသေးဟုဆိုသည်။ ဂျပန်နိုင်ငံသည် အာကာသ နည်းပညာနယ်ပယ်တွင် ကြီးမားသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်ရန် ကြိုးပမ်းလျှက်ရှိပြီး တရုတ်ကို တန်ပြန်ရန် မဟာမိတ် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိနေသည်။

ဂျပန် အာကာသအေဂျင်စီသည် မကြာသေးမီကာလများအတွင် ဒုံးပျံပစ်လွှတ်မှု မအောင်မြင်မှု အပါအဝင် အဘက်ဘက်က နောက်ဆုတ်ခဲ့ရမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ပြီးခဲ့သည့် မတ်လက ဂျပန်တို့​၏ စရိတ်သက်သာသော H3 ဒုံးပျံ စမ်းသပ်ပစ်လွှတ်မှုမှာ မအောင်မြင်ဘဲ ပျက်ကျခဲ့ရသည်။

NN- 27  

 Ref: CNA and Photo: BBC

----------------

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!