တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မော်စကို ကပွဲရုံ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှု အနည်းဆုံး လူ ၄၀ သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 438

နွေနေ၊ မတ် ၂၃/၂၀၂၄ (နိုင်ငံတကာ)

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်တွင် မျက်နှာဖုံးစွပ် သေနတ်သမားငါးဦးက ကပွဲရုံတစ်ခုအတွင်းသို့ ရုတ်တရက် ဝင်ရောက်ပြီး စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ ကပွဲလာသူ အနည်းဆုံးဆုံး ၄၀ ဦး သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။

ရိုက်တာသတင်းဌာန​၏ ဖော်ပြချက်အရ မော်စကိုမြို့ပြင်ရှိ ခရိုကပ်စ် ကပွဲရုံတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မီးခိုလုံးကြီးများနှင့် မီးတောက်မီးလျှံများ ထွက်ပေါ်လာသည်ကို ရုပ်သံဓါတ်ပုံများတွင် မြင်တွေ့ကြရသည်။

ရုရှားသတင်းမီဒီယာများက ကပွဲရုံဆီမှ ဒုတိယမြောက် ပေါက်ကွဲသံများ ကြားရပြီး သေနတ်သမား အချို့သည် အဆောက်အဦးအတွင်း အကာအကွယ်ယူပြီး ပစ်ခတ်မှုပြုလုပ်နေသည်ဟု ဆိုသည်။

အဆိုပါ ကပွဲရုံတွင် Picnic အမည်ရှိ ဂီတအဖွဲ့​ ဖြေဖျော်နေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ " ရုတ်တရက် ပေါက်ကွဲသံကြီး အနောက်ကနေ ကြားလိုက်ရတယ်။ ဘာဖြစ်တယ်ဆိုတာ ကျွန်တော်မသိလိုက်ဘူး" " လူတွေအားလုံး စက်လှေကားရှိရာကို ရန်းရင်းဆန်ခတ် ပြေးလွှားကြရင်း တစ်ယောက်ပေါ်တသ်ယောက် လဲကျကုန်တယ်။ အော်သံတွေ၊ ဆူညံသံတွေက ကမ္ဘာပျက်နေတဲ့အတိုင်းပဲ" ဟု မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။

ယခုပစ်ခတ်မှုမှာ ရုရှားသမ္မတပူတင် နောက်ထပ် ၆ နှစ်သက်တမ်း ရွေးကောက်တင်မြှောက်ခံရပြီး ရက်အနည်းငယ်အကြာတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ရုရှားသည် ယူကရိန်းနှင့် စစ်ဖြစ်ပွားနေဆဲ ဖြစ်သည်။

ရုရှားနိုင်ငံပိုင်သတင်းဌာန TASS က လူပေါင်း ၄၀ သေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရခဲ့သည်ဟု ရုရှားဗဟိုလုံခြုံရေးအဖွဲ့ (FSB)​၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

ရုရှားဗဟိုလုံခြုံရေးအဖွဲ့က လိုအပ်သောအရေးယူဆောင်ရွက်မှုအားလုံး လုပ်ဆောင်လျှက်ရှိကြောင်း ပြောကြားသည်။

လတ်တလောတွင် သေနတ်သမားများ မည်သူမည်ဝါဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဘဲ အရေးပေါ် လူနာတင်ယာဉ် ၇၀ ကို အဆိုပါနေရာသို့ စေလွှတ်ထားသည်ဟု ဆိုသည်။

" တုန်လှုပ်ခြောက်ခြားစရာအဖြစ်ဆိုးတစ်ခု ခရိုးကပ်စ် စီးတီး ရှော့ပင်းစင်တာမှာ ဒီနေ့ဖြစ်သွားခဲ့တယ်။ သေနတ်သမားများရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ သေဆုံးသွားသူအားလုံးအတွက် ဝမ်းနည်းကြေကွဲရပါတယ်" ဟု မော်စကိုမြို့တော်ဝန် ဆာဂေး ဆိုဗြာနင်က ပြောကြားခဲ့သည်။

လူဦးရေ ၂၁ သန်းနေထိုင်သည့် မော်စကိုမြို့တော်​၏ မီးရထာဘူတာရုံများ နှင့် လေဆိပ်များကို လုံခြုံရေးအထူးတင်းကျပ်ထားလိုက်ပြီး " သွေးထွက်သံယိုအကြမ်းဖက်တိုက်ခိုက်မှု" ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ Ref:thedailystar

ဆက်စပ် သတင်းများ