တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

ကော့စ်ဘဇားတွင် ဒုက္ခသည်တစ်ဦး အကြမ်းဖက် တိုက်ခိုက်ခံရပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 286

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂၉/ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်၊ကော့ဘဇားခရိုင်၊ အိုကီးယားရှိ ဒုက္ခသည်စခန်းတွင် ဒုက္ခသည် အမျိုးသားတစ်ဦးသည် လူအုပ်စုတစ်စု၏ အကြမ်းဖက် တိုက်ခိုက်မှုကိုခံခဲ့ရပြီးနောက် သေဆုံးသွားခဲ့ကြောင်း BD News24 က သတင်းဖော်ပြ သည်။

ဘုရ်ခါ ၀တ်စုံကို ၀တ်ဆင်ထားကြသည့် အကြမ်းဖက်သူများသည် ချွန်ထက်သည့် လက်နက်များဖြင့် ရိုဟင်ဂျာ အမျိုးသား ၏ ခန္ဓာကိုယ် အနှံ့ကို ထိုးသွင်းတိုက် ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။

အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုသည် အိုကီးယား (အရှေ့ဘာလူခါလီ -၈ )စခန်းတွင် ဇွန်လ(၂၇)ရက်၊ ည (၁၁)နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း အကြီးအကဲ အမ်ဒီရှာမင်ဟူစိန် က ပြောဆိုသည်။

အကြမ်းဖက်တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ရသည့် ရိုဟင်ဂျာအမျိုးသားမှာ အသက် ၃၅ နှစ်အရွယ် ရှိ အမ်ဒီဆာလက် ဖြစ်ပြီး အဆိုပါစခန်း၏ D-76 တွင် နေထိုင်သူဖြစ်သည်ဟု ၎င်းက ပြောသည်။

"သေဆုံးသူ ဆာလက်က သူ့အိမ် ဆီကို ပြန်လာစဉ်အချိန်မှာ ဘုရ်ခါ ဝတ်ဆင်ထားကြတဲ့ လူလေးဦးမှ ငါးဦးအထိ ပါဝင်တဲ့ လူအုပ်စုက သူ့ကို ရပ်တန့်ဟန့်တားခဲ့ပါတယ်။အဲဒီနောက် သူတို့ထွက်မပြေးခင်မှာ ဆာလက်ရဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ချွန်ထက်တဲ့လက်နက်တွေနဲ့ ထိုးနှက် တိုက်ခိုက် ခဲ့ပါ တယ်”ဟုရဲတပ်ဖွဲ့အကြီးအကဲ အမ်ဒီရှာမင်ဟူစိန် က ပြောဆိုသည်။

သူ့အား ကော့စ်ဘဇားဆေးရုံသို့ ယူဆောင်လာစဉ် လမ်းတွင် သေဆုံးသွားခဲ့သည်ဟု သိရသည်။

" ဒေသခံတွေက သူ့ကို ကယ်ဆယ်ခဲ့ကြပါတယ် ။ အဲဒီနောက်မှာ သူ့ကို ကူတူပါလောင် မှာရှိတဲ့ MSF ဆေးရုံ ထံ ချက်ခြင်း ပို့ဆောင်ပေး ခဲ့ကြပါတယ်။ တာဝန်ကျဆရာဝန်က သူ့ကိုကော့ဘဇားမှာရှိတဲ့ ကုတင် ၂၅၀ဆန့် ဆာဒါခရိုင်ဆေးရုံ၊ ကို ပြောင်းရွှေ့ဖို့ အကြံပေးခဲ့ပါတယ်။ ဒါပေမယ့်ဆာလက်ဟာ အဲဒီခရိုင်ဆေးရုံကို သွားရင်းလမ်းမှာဘဲ သေဆုံးသွားခဲ့ပါတယ်”ဟု ၄င်းကထပ်လောင်းပြောဆိုသည်။

ရဲများက ဆာလက်၏ ရုပ်အလောင်းကို ခွဲစိပ်စစ်ဆေးမှုများပြုလုပ်နိုင်ရန် အတွက် ဆာဒါ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။ ဒုက္ခသည် စခန်းတွင် လှုပ်ရှားနေကြသည့် ရာဇ၀တ်ဂိုဏ်းများသည်အဖွဲ့ တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား အာဏာပါဝါ လွန်ဆွဲမှုကြောင့် လူသတ်မှုကို ဖြစ်ပွားစေသည်ဟု ရဲတပ်ဖွဲ့အကြီးက ပြောဆိုသည်။ Source/BD News24

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!