တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်မှ ဖမ်းဆီးခံရသူ ၄ ဦးအဆက်အသွယ်မရ ဖြစ်နေ၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.3k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၈/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ စစ်တပ် ဖမ်းဆီးခေါ်ဆောင်သွားသူ ၄ ဦးအား ယနေ့အချိန်ထိ အဆက်အသွယ် မရသေးသဖြင့် မိသားစုများ အထူးစိုးရိမ်နေကြသည်။

ဖမ်းဆီးခံထားရသူ ၄ ဦးမှာ ညီညီစိုး (၃၂) နှစ် (ဘ) ဦးဘဝင်း၊ ရွာမပြင်ကျေးရွာ။ မောင်ကြည်လင်း (၁၇) နှစ် (ဘ) ဦးမောင်သန်းမိုး၊ စပါးဆိပ်ကျေးရွာ။ နေမျိုးထွန်း (၃၄) နှစ်(ဘ) ဦးအောင်စိန်ညွှန့်၊ သရက်တစ်ပင်နှင့် မောင်ကုလား (၄၆) နှစ် (ဘ) ဦးအောင်ညွှန့်မောင်၊ သရက်တစ်ပင် ကျေးရွာ တို့ ဖြစ်ကြသည်။

၎င်းတို့မိသားစုများသည် ယနေ့တွင် ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့သို့ လာရောက်တိုင်ကြားစဉ် နိရဥ္စရာတင်းမှ မေးမြန်းခွင့်ရခဲ့ရာ မိသားစုများအားလုံးက ဖမ်းဆီးခံထားရသူများအတွက် အထူးစိုးရိမ်နေကြောင်း ပြောကြားသည်။

ဖမ်းဆီးခံထားရသူ မောင်ကြည်လင်းဖခင် ဦးမောင်သန်းမိုးက “ ကျွန်တော်သားက စပါးဆိပ်ကနေ သရက်တစ်ပင်က ဘော်ဒါဆောင်တွေကို ထမင်းပို့နေတဲ့ ကလေးပါ။ ၁ဝ တန်းရောက်နေပါပြီ။ ထမင်းချိုင့်တွေကို တင်ပြီး မိုင်းကွဲပြီး နောက်တစ်ရက်နေ့ ဆိုင်ကယ်နဲ့အသွားမှာ သရက်တစ်ပင် တံတားထိပ်မှာရှိနေတဲ့ စစ်သားတွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ အနီးအနားကျေးရွာသားတွေက မြင်ကြပါတယ်။ အဲဒီနေ့ကတည်းက ပျောက်နေတာ အခုအချိန်ထိ အဆက်အသွယ်မရသေးပါဘူး” ဟု ပြောကြားသည်။

စစ်တပ်က ရဲလက်သို့ လွဲပြောင်းလိုက်ပြီဟု ဆိုသဖြင့် ကျောက်တော် ရဲစခန်းသို့သွားရောက် စုံစမ်းရာတွင်လည်း မရောက်ဟု ပြောကြောင်း၊ ယခုကြားရသော သတင်းမှာလည်း ကျောက်တော်တပ်မတွင်လိုလို၊ ၃၇၄ တပ်ရင်းတွင် ဖမ်းထားဆီးထားသလိုလို သတင်းသာကြားနေရပြီး အဆက်အသွယ်မရကြောင်း၊ မိသားစုများအနေဖြင့် အထူးစိုးရိမ်နေကြောင်း ဖခင်ဖြစ်သူက ဆက်လက် ပြောကြားသည်။

ရွာမပြင်ကျေးရွာ ဖမ်းဆီးခံထားရသူ ညီညီစိုး၏ မိခင်ဖြစ်သူက “ ကျွန်မက ဒီလ ၁၁ ရက် လပြည့်နေ့က လက်ကျိုးသွားပါတယ်။ တိုက်ပွဲ ဖြစ်ပြီးနောက်တစ်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဆိုင်ကယ်ဆေးဝယ်ဖို့ထွက်သွားတာ သရက်တစ်ပင်ရွာထဲမှာ အဖမ်းခံရတယ်လို့ သိရပါတယ်။ အခုဘာတစ်ခုမှလည်း သတင်းမကြားပါ။ အခု မိသားစု တစ်ခုလုံး ပြောပြလို့ မရအောင်ထိ စိုးရိမ်နေကြပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

သရက်တစ်ပင်ကျေးရွာမှ ဖမ်းဆီးခံထားရသူ နေမျိုးထွန်း၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းယဉ်က “ အပြစ်မရှိရင် လွှတ်ပေးမယ်။ အပြစ်ရှိရင် ရဲလက်ထဲကို လွဲပေးလို့ ပြောပြီး ခေါ်သွားတာ အခုဆိုရင် ၅ ရက်ရှိနေပါပြီ။ ကျွန်မတို့ မိသားစုက သရက်တစ်ပင် အထက်တန်းကျောင်းရှေ့မှာ အထည်ဆိုင်ရောင်းပါတယ်။ သူ့ကို မေးစရာ ရှိတယ်ဆိုပြီး ခေါ်သွားတာပါ။ ကျွန်မမှာ ကလေးနှစ်ယောက်နဲ့ သူ့အတွက် အထူးစိုးရိမ်နေပါတယ်” ဟု ပြောကြားသည်။

သူမအနေဖြင့် သူမ ယောကျ်ား ဘယ်နေရာကို ရောက်ပြီး ဘယ်လို အမှုဖြင့် ဖမ်းဆီထားသည်ကို သိရှိလိုကြောင်း၊ ယခုကဲ့သို့ တစ်စုံတစ်ရာ အဆက်အသွယ်မရရှိသဖြင့် အထူးစိုးရိမ်ပူပန်နေကြောင်း၊ ဥပဒေနှင့် အညီသာ ဖမ်းဆီး သင့်ကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ