တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

(၈၁)နှစ်မြောက်ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား ကိုဗစ်ရောဂါကြောင့် တားမြစ်ကန့်သတ်မှုများရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.5k

အိမ်စိုးဖြူ
နိရဥ္စရာ၊ စက်တင်ဘာ ၁ဝ/ ၂ဝ၂ဝ

နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပသည့် မြန်မာ့လွတ်လပ်ရေး မီးရှူတန်ဆောင် ဆရာတော် အရှင်ဦးဥတ္တမနေ့ အခမ်းအနားကို ယခုနှစ်တွင် ကိုဗစ် ၁၉ ရောဂါကြောင့် ကျင်းပခွင့်မရခဲ့ကြသလို တချို့မြို့နယ်များတွင် တစ်ဦးချင်းစီပင် သွားရောက် ဂါရဝပြုခွင့်၊ ပန်းခွေချခွင့်မရခဲ့ကြဟု ပြောဆိုသည်။

တောင်ကုတ်တွင် ရခိုင်အမျိုးသားပါတီ (ANP) မှ (၈၁) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ တွင် မုန့်တီကျွေးရန် အစီအစဉ်နှင့် ဆရာတော်ဦးဥတ္တမပန်းခြံသို့ သွားရောက် ဂါရဝပြုမည့် အစီအစဉ်ကို တားမြစ်ခံခဲ့ရသည်ဟု ပါတီ တာဝန် ရှိသူများက ပြောကြားသည်။

ပါတီမြို့နယ်အဆင့် တာဝန်ရှိသူ တစ်ဦးက “ ကိုဗစ်ရောဂါကြောင့် လူစုလူဝေး မလုပ်ရဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် တစ်ယောက်ချင်းစီတောင် သွားရောက်ပြီး ပန်းခွေချခွင့်တောင် မရဘူး။ ရုံးမှာလာပြီးတို့ အုပ်ချုပ်ရေးမှူးတို့၊ အစိုးရအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေလာရောက်ဟန့်တားတယ်။ ရဲတွေကတော့ အပြင်က နေတယ်။ လုံးဝ ပန်းခွေသွားမချဖို့ တားပါတယ်။ မြို့နယ်က ပါတီတာဝန်ရှိသူတွေ သွားရောက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးကို သွားညှိတော့လည်း အဆင်မပြေခဲ့ဘူး။ ကျွန်တော်တို့ ပြောလိုတာက ကျွန်တော်တို့ပါတီကိုကျ လာဟန့်တယ်။ စက်တင်ဘာ ၈ ရက်နေ့က လူတွေ တန်းစီပြီး တစ်ခြားပါတီတစ်ခု ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတာကျတော့  ဘာမှ မပြောဘူး။ လုပ်လို့ရတယ်” ဟု ပြောကြားသည်။

တောင်ကုတ်တွင် လာရောက်ဟန့်တားခြင်းမှာ ကိုဗစ်ရောဂါသာမက နိုင်ငံရေးနှင့်ပါ ဆက်နွယ်၍ ဟန့်တားခြင်း ဖြစ်နိုင်ကြောင်း ပြောကြားသည်။

အမ်းမြို့နယ်တွင်လည်း ပြုလုပ်ခွင့်မရရှိကြောင်း၊ ပြုလုပ်ပါက အရေးယူမည်ဟု ရဲတပ်ဖွဲ့မှ သတိပေးလာကြောင်း အမ်းမျိုးဆက်သစ်လူငယ်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ မအေးအေးနိုင်ကလည်း ပြောသည်။

“ညီမတို့ကို မနေ့က အမ်းမြို့မရဲစခန်းက ဖုန်းဆက်လာတယ်။ နင်တို့လုပ်မလား။ လုပ်ရင်ဖမ်းရမှာပဲလို့ ပြောတယ်။ ညီမတို့လည်း လုပ်မယ်ဆိုပြီးတော့တော့ ပြောလိုက်တယ်။ ဦးဥတ္တမပန်းခြံကိုပိတ်ထားတော့ သွားလို့မရတော့ဘူး။ ဒါကြောင့် ရုံးမှာပဲအကျဉ်းချုံးလုပ်လိုက်ရတယ်” ဟု ပြောသည်။

စစ်တွေမြို့တွင် အစပိုင်းတွင် ဆရာတော်အချို့နှင့် လူနှစ်ယောက်စီ ဆရာတော် ဦးဥတ္တမ ရုပ်ထုအား ဂါရဝပြုခွင့်ရသော်လည်း နောက်ပိုင်းတွင် ပန်းခြံထဲ ဝင်ခွင့်ကို ပိတ်ထားခဲ့ သိရသည်။

ရခိုင်အမျိုးသားပါတီ ဗဟိုမူဝါဒ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က “စစ်တွေမှာတော့ ပန်းခွေတွေလုပ်ကြတယ်။  ပြီးတော့ မနက်က အဲဒီပန်းခွေတွေကိုဦးဥတ္တမပန်းခြံကို ယူသွားကြတယ်။ အထဲမဝင်ရဘူး။ ပိတ်ထားတယ်။ ခွင့်ပြုချက်တောင်းတော့ ငါးယောက်တစ်ဖြတ်စီဝင်ရတယ်။ ဆယ်ယောက်ပဲ ဝင်ပြီးတော့ ထပ်ဝင်ခွင့်မပေးတော့ဘူး။ နောက်ထပ်ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးနိုင်တော့ဘူးလို့ပြောတယ်။ ကိုဗစ်နဲ့စည်းကမ်းသတ်မှတ်ထားတာဆိုတော့ ဦးလေးတို့လည်း နားလည်ပါတယ်လေ။ ဒါကြောင့် ပြန်လာခဲ့ကြတယ်” ဟု ပြောသည်။

ပန်းခြံ အနီး တာဝန်ကျနေသည့် စစ်တွေမြို့မ ရဲစခန်းကတာဝန်ရှိသူ ရဲအရာရှိတစ်ဦးက အထက်မှ အမိန့်အရ ပန်းခြံအားပိတ်ထားရခြင်းဖြစ်ပြီ ပန်းခြံအနီး လုံခြုံရေးယူနေရကြောင်း ပြောသည်။

နောက်ပိုင်းတွင် ဆရာတော်ဦးဥတ္တမအား ပန်းခွေချရန် လာသူများမှာ ပန်းခွေချခွင့် မရခဲ့ကြကြောင်း သိရသည်။

ရသေ့တောင်မြို့တွင်လည်း ဆရာတော်ဦးဥတ္တမရုပ်တု ဖွင့်ပွဲရှိသော်လည်း ဆရာတော် ၅ ပါးကိုသာ တက်ရောက်ဖွင့်လှစ်ခြင်း ပြုခဲ့ပြီး ကျန်လူများကို သွားရောက်ဂါရဝပြုခြင်းကို ရဲတပ်ဖွဲ့ ဟန့်တားခဲ့သည်ဟု သိရသည်။

Covid-19 ထိမ်းချုပ်ကာကွယ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီက စက်တင်ဘာ ၉ ရက်နေ့ နံနက်က ရခိုင်ပြည်နယ်တွင် တွေ့ရှိခဲ့သည့် ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသော covid-19 ဆင့်ပွားကူးစက်မှုများသည် တိုင်းဒေသကြီး ပြည်နယ်များသို့ ပျံ့နှံ့ကူးစက်လျက်ရှိပါသဖြင့် ပြည်သူများအနေဖြင့် စက်တင်ဘာလ ၉ ရက်နေ့မှ စ၍ မည်သည့် အခမ်းအနားပွဲများမှ ကျင်းပခြင်းမပြုလုပ်ရန် ထုတ်ပြန်ခဲ့သည်။

(ဓာတ်ပုံ- ယခုနှစ် ဆရာတော် ဦးဥတ္တမနေ့ မြင်ကွင်း (ဓာတ်ပုံ- Ra Khine See Mae Gyi Post)


ဆက်စပ် သတင်းများ