သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ရခိုင်တွင်တပ်အင်အား တိုးချဲ့ခြင်းမရှိကြောင်း တပ်မတော်ပြောခွင့်ရသူဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 694

နိရဥ္စရာ၊ ဒီဇင်ဘာ ၃ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် တပ်မတော်ဖက်မှ တပ်အင်အား တိုးချဲ့ခြင်းမရှိကြောင်းယနေ့ ဒီဇင်ဘာလ ၃ဝ ရက်နေ့ သတင်းစာရှင်လင်းပွဲတွင် တပ်မတော်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆို သွားသည်။

နေပြည်တော် စစ်သမိုင်းပြတိုက်တွင် ယနေ့ နေ့လယ် ၁ နာရီက တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့သတင်းစာရှင်းလင်းပွဲတွင် ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA သတင်းထောက်တစ်ဦး၏ ရခိုင်ပြည်နယ်တွင် တပ်မတော်ဘက်က စစ်အင်အား တိုးချဲ့မှုများ ရှိပါသလားဟု အမေးကို ဖြေကြားစဉ် ထိုသို့ တုံ့ပြန် ဖြေဆိုသွားခဲ့ခြင်း ဖြစ်သည်။

 “ ရခိုင်ပြည်နယ်မှာ စစ်အင်အား ဖြည့်တင်းနေတာတို့ဆိုတာနဲ့ ပတ်သက်လို့် ပြန်မေးချင်တာက ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့ အနေနဲက ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်မဖြစ်ပွားစေဖို့ အတွက် ကျွန်တောဆောင်ရွက်နေတာရှိတယ်။ စစ်အင်အား ဖြည့်တင်းတာ မရှိဘူးလို့ဘဲ ကျွန်တော် ပြောချင်တယ်။ စစ်အင်အားဖြည့်တင်းတာရှိတယ်ဆိုရင် ဘာအထောက်အထားနဲ့ ပြောတာလည်းလိုု့ ကျွန်တော်တို့်က ထပ်ပြီး မေးချင်တယ်” ဟုဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။

တပ်မတော်နှင့် AA တို့အကြား တိ်ုက်ပွဲဆက်ဖြစ် မဖြစ်မှာ နှစ်ဖက်တပ်ဖွဲများ၏ စောင့်ထိန်းမှု အပေါ်တွင် မူတည်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“ အေအေအနေနဲ့ ထုတ်ပြန်ချက်  ကျေညာချက် ထုတ်ပြန်ခဲ့တယ်။ အဲဒီအထဲမှတော့ ဒီဇင်ဘာ ဒီနှစ် မကုန်ခင်မှာ ရွေးကောက်ပွဲ လုပ်ပေးနိုင်ဖို့ အတွက် သူတို့ ဆန္ဒရှိတဲ့ အကြောင်း၊ မေတ္တာရပ်ခံတဲ့ အကြောင်း၊ တပ်မတော် အနေနဲ့လည်း ကျနော်တို့ ကြိုဆိုတဲ့ အကြောင်း ပြောခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ကျနော်တို့ ပစ်ခတ် တိုက်ခိုက်မှုပေါ့နော်။ မရှိသလောက်ဖြစ်တယ်။ ခုချိန်ထိလည်း မရှိဘူး။ ဒါနဲ့ ပတ်သက်ပြီးကျ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနိုင်လား၊ ဆက်မဖြစ်ပွားနို်င်လားဆိုတာကတော့ နှစ်ဖက်လုံးအပေါ်မူတည်လိမ့်မယ်။ နှစ်ဖက်လုံးရဲ့ ဆက်လက်  စောင့်ထိန်း၊ စောင့်စည်းမှု အပေါ်မှာပဲ  မူတည်လိမ့်မယ်လို့ ပြောလိုပါတယ်။”

၎င်းပြင် တပ်မတော်အနေဖြင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များကို၊ ယခင်ရှိပြီးသားနေရာများကို ထိုးစစ်ဆင် တိုက်ခိုက်မည်မဟုတ်ဟု ပြောဆိုသည်။

“ ကျနော် အနေနဲ့ ပြောပြီးသားဖြစ်ပါတယ်။ ဒီတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့လည်း ယခင် မြစ်ကြီးနားမှာ KBC ဥက္ကဋ္ဌ နဲ့ တွေ့ဆုံစဉ် လက်ရှိ EAO တွေ တည်ရှိနေတဲ့ နေရာတွေ၊ယခင်က တည်ရှိ နေရာတွကို တပ်မတော်အနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီးသား ဖြစ်တယ်။”

ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီးလည်း အောက်ခြေအဆင့် ဆွေးနွေးမှုများရှိကြောင်း ပြောဆိုသည်။

“ ခုနက ပြောတဲ့ ဒီ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အနေနဲ့ အောက်ခြေအဆင့် ဆွေးနွေးမှုများရှိပါတယ်။ ဆွေးနွေးတဲ့ နေရာမှာကျနော်တို့ အဓိက ရည်မှန်းပြီး ဆွေးနွေးတာကတော့ ရခိုင်ပြည်နယ်မှာ ဒါလွတ်လပ်ပြီး တရားမျှတတဲ့ အခြေအနေတစ်ခု ဖြစ်လာနိုင်စေဖို့ရရှိနိုင်စေဖို့ အတွက် ကျနော်တို့က ဆောင်ရွက်ခဲ့တာ ဆွေးနွေးခဲ့တာ ဖြစ်တယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုသွားခဲ့သည်။  

(ဓာတ်ပုံ- တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ဆက်စပ် သတင်းများ