သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

နှစ်စဉ်နွေရာသီရောက်တိုင်း ရခိုင်ရေရှားမှုပြဿနာ မဖြေရှင်းနိုင်သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 6.1k

ထက်အောင်

နိရဥ္စရာ၊ မေ ၁/ ၂၀၂၁

ရခိုင်ပြည်နယ်အတွင်း နှစ်စဉ်နွေရာသီရောက်တိုင်း ရေရှားပါးမှုပြဿနာနှင့် ရခိုင်လူထု ကြုံတွေ့နေရသော်လည်း ယနေ့ထိ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း  သတင်းရရှိသည်။

ရခိုင်က မြို့နယ်တော်တော်များများမှာ ရေရှားပါးမှု ပြဿနာကြုံတွေ့နေရဆဲဖြစ်ကြောင်း အထူးသဖြင့် စစ်တွေ၊ ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲ၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်းစသည့် မြို့နယ်များ ပါဝင်ကြောင်း၊ ရေရှားပါးမှုကို မြို့နယ်အတော်များများက ခံစားနေရကြောင်း ရခိုင်က လွှတ်တော် ကိုယ်စားလှယ်ဟောင်းများနှင့် လူမှုရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးသန်းထွန်းကရွာတွေမှာ ရေရှားတယ်ဆိုတာတော့သိတယ်။ ဒါပေမယ့် သတင်းမရောက်ဘူး။ စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားတယ်ဆိုတာတော့ အကူအညီတောင်းတာတွေရှိလို့ သိရတယ်။ ဆိုတော့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ သောက်ရေမပြတ်တောက်ရေးအတွက် အဓိက သွားရောက်ပံ့ပိုးတာတော့ ရှိတယ်။ ရေရှားပြဿနာ ဖြေရှင်းနည်းတွေက အများကြီးရှိတယ်။ ပြည်နယ်ကောင်စီအစိုးရသက်တမ်းကလည်း အနည်းအကျဉ်းပဲရှိသေးတယ်။ နောက်ပိုင်းတော့ ရေရှားပါးမှုဖြေရှင်းရေး လုပ်ဆောင်သွားဖို့ အစီအစဉ်တော့ ရှိပါတယ်ဟု ပြောသည်။

လက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်တောဖျားချောင်း ဒေသတွင် ရေရှားပါးမှုကို ကြုံတွေ့နေရပြီး အထူးသဖြင့် ဩရမ၊ ပိန္နဲချောင်းကျေးရွာများနှင့် ရေဖြူကန်စစ်ဘေးရှောင်စခန်းတွင ကြုံတွေ့ရကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းမောင်ကပြောသည်။

အဲဒီ တောဖျားချောင်းဒေသမှာ ဆည်မြောင်းကနေပြီး ရေလှောင်ဆည်တည်ဆောက်နေတာရှိတယ်။ ကြိမ်ချောင်းဆည်လည်း ရေလှောင်ပြီးသားရှိနေတော့ အဲဒီရေက ပုဏ္ဏားကျွန်းမြို့ကိုမရောက်ဘူး။ ပိုက်သွယ်လိုက်မယ်ဆိုရင်တော့ ကျေးရွာတွေကို ပေးလို့ရတာပေါ့။ ရေရှားပါးမှုကို အစိုးရကတော့ တတ်နိုင်သလောက် ရေတွင်း၊ ရေကန်တွေ တူးပေးနေတာတွေရှိပေမယ့် နှစ်တိုင်း ဒီပြဿနာက ပေါ်နေတယ်။ ဒီအပေါ် ဒေသခံတွေကလည်း ပူးပေါင်းပါဝင်ဖို့လိုတယ်။ ရွာတွေမှာ နွေရာသီရောက်ပြီး ရေရှားမှုပြဿနာကြုံလာပြီဆိုရင် တစ်ရွာနဲ့တစ်ရွာ ရေပေးလှူတာတွေတော့ရှိတယ် ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းမောင်က ဆိုသည်။

ရေရှားပါးမှုဒဏ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့ရွာဒေသခံများကြား ဆွေးနွေးတိုင်ပင်ပြီး စီမံချက်များရေးဆွဲကာ ပြုလုပ်ပါက မကြာမီကာလမှာ ရေဖူလှုံသွားမည်ဟု ယူဆကြောင်း ဦးထွန်းမောင်က ဆက်ပြောသည်။

ရေရှားပါးမှုသည် မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်သည်ဆိုခြင်းကို သိကြသော်လည်း မဖြေရှင်းနိုင်ဘဲ ဖြစ်နေခြင်းမှာ ရေရှားပါးမှုကို အစိုးရအဆက်ဆက်က စီမံကိန်းများရေးဆွဲပြီး အင်တိုက်အားတိုက် မဖြေရှင်း၍ ဖြစ်ကြောင်း လူမှုရေးလုပ်ရှားသူတစ်ဦးက ဝေဖန် ပြောကြားသည်။

မင်းပြားမြို့နယ်မှာလည်း ရေရှားပါးမှုဒဏ်ကို နှစ်စဉ်အားဖြင့် မြို့ပေါ်နှင့် ကျေးရွာနေလူထု အများစုခံစားနေရပြီး လေးမြို့မြစ်ရှိရာ မြို့နယ်မြောက်ပိုင်းမှာ ရေအလုံအလောက်ရှိကာ ယင်းဒေသမှာ ရေရှားပါးမှုဒဏ်ခံစားရသည့် ကျေးရွာအနည်းအကျည်းရှိကြောင်း နှင့် ကျန်သည့် မြို့နယ် အရှေ့၊ တောင်၊ အနောက်ပိုင်း ဒေသများမှာတော့ ရေရှားပါးမှုကြုံတွေ့နေရဆဲဖြစ်ကြောင်း လူမှုရေး လုပ်ငန်းဆောင်ရွက်နေသူ ကိုအမ်းသားကြီးက ပြောဆိုသည်။

 ရခိုင်ပြည်က မိုးများတဲ့ဒေသတစ်ခုဖြစ်တယ်။ ဒါပေမယ့် ရေရှားတဲ့ပြဿနာကို နှစ်ပေါင်းများစွာခံစားလာရတယ်။ ဒါတွေက ဖြေရှင်းတဲ့နည်းလမ်းတွေ စနစ်တကျမရှိသေးလို့လည်း အခက်အခဲတွေကြုံတွေ့နေရတာပါ။ မင်းပြားမြို့နယ်မှာ ဆည်(၃) ခုရှိတယ်။ ဖလောင်းပြင်ဆည်တို့၊ ဂရင်ဂျိုင်ဆည်တို့က အရင်ရေပေးဝေတာတွေရှိတယ်။ ငစရိုင်းချောင်းဆည်ကတော့ ရေပေးဝေတာ မတွေ့သေးဘူးဟု ၎င်းက ပြေသည်။

ပြည်နယ်တွင်း ရေရှားပါးမှုကို ကြိုတင်ကာကွယ်ရေး ရေကန်၊ ရေသိုလှောင်ရေး ဆည်မြောင်းများ၊ ရေတွင်းများ တူးဖော်ခြင်း စသည်ဖြင့် လုပ်ဆောင်မှုများရှိသော်လည်း လက်တွေ့မှာ ထိရောက်မှုအားနည်း နေကြောင်း ူက ဆိုသည်။

မြို့တော်စစ်တွေရှိ ရပ်ကွက်အများအပြားတွင်လည်း နွေရာသီနှောင်းပိုင်းရောက်တိုင်း ရေရှားပါးမှုကို အလူးအလဲခံစားကြရကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာလည်း အရင်က မြို့ပေါ်နှင့် မြို့နယ်တွင်းက ကျေးရွာများမှာ ရေရှားပါးမှုကြုံတွေ့ရခြင်းရှိခဲ့သော်လည်း လွန်ခဲ့သော (၂) နှစ်ခန့်ကစပြီး ရေရှားပါးမှုပြဿနာ နည်းပါးလာကြောင်း ရေရှားပါးစဉ်ကာလများက ဂွမြို့နယ်တွင်း ကျေးရွာများကို ရေလှူဒါန်းရာမှာ ပါဝင်ဖူးသူ ဂွဒေသခံ ဦးကျော်မြင့်မောင်က ဆိုသည်။

 လက်ရှိအခြေအနေကတော့ ရေရှားပါးမှုတစ်စုံတစ်ရာ မကြားရသေးဘူး။ ရေရှားပါးမှု မကြုံတွေ့ဒါကတော့ (၂) နှစ်လောက်ရှိပြီပေါ့။ အရင်နှစ်တွေကတော့ ရွာတွေမှာ ရေလိုလို့ သောက်ရေတွေ၊ သုံးရေတွေသွားလှူရတယ်ဟု ပြောပြသည်။

ဆက်လက်ပြီး ဂွမြို့နယ်မှာ ရေတွင်းအသုံးပြုမှုများပြီး နွေရာသီကာလရောက်လာသောအခါ ရေကြောနည်းသော မြို့ပေါ်ရပ်ကွက်တချို့နှင့် ကျေးရွာများမှာ ရေးတွင်းများ၌ ရေခမ်းခြောက်မှုရှိခဲ့ကာ လက်ရှိကာလအတွင်း ရွာအများစုမှာ တောတွင်းစမ်းချောင်းများကနေ စိမ့်စမ်းရေကို ပိုက်ဖြင့်သွယ်၍ လုပ်ပေးထားသောကြောင့် ရေမလုံလောက်မှုနည်းပါးသွားကြောင်း ဦးကျော်မြင့်မောင်က ပြောပြသည်။

ရခိုင်ပြည်နယ်အတွင်း ရေရှားပါးမှုသည်  အရင်ကာလများထက် မိုးရေချိန်လက်မနည်းလာခြင်း၊ ကျေးရွာများမှာ လူဦးရေများလာခြင်းတို့ကြောင်း ဖြစ်ကြောင်း ကျေးရွာများ ရေရရှိရေးအတွက် ကျေးလက်ဦးစီးဌာနက တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ဆက်စပ် သတင်းများ