အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ကိုဗစ်ကာလတွင် ရခိုင်လူထုအတွက် အချက် (၅)ချက်အား အစိုးရကဆောင်ရွက်ပေးရန် ANP တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 3.9k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ သြဂုတ် ၁ဝ / ၂ဝ၂၁
ကိုဗစ်ကာလတွင် အခက်အခဲဖြစ်နေကြသည့် ရခိုင်ပြည်သူများအတွက် အချက် (၅)ချက်အား ဆောင်ရွက်ပေးရန် ရခိုင်အမျိုးသားပါတီ (ANP)က ပြည်နယ်အစိုးရထံ တောင်းဆိုလိုက်သည်။
ယနေ့ သြဂုတ်လ ၁ဝ ရက်နေ့ရက်စွဲဖြင့် ရခိုင်ပြည်နယ်အဖွဲ့မှ ဝန်ကြီးချုပ်ထံလိပ်မူကာ ANP က အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့၍တောင်းဆိုလိုက်ခြင်းဖြစ်သည်။
တောင်းဆိုလိုက်သည့်အချက်များမှာ -
၁။ Covid - 19 ကပ်ရောဂါကာလတွင် စားရေးသောက်ရေးအခက်အခဲရှိနေသော ပြည်သူများအား အမြန်ဆုံး ကူညီထောက်ပံ့မှု အပြည့်အဝ ဆောင်ရွက်ပေးရန်၊
၂။ Covid - 19 ကပ်ရောဂါ ကုသရေးလုပ်ငန်းများကို ပို၍ကောင်းမွန်သော စောင့်ရှောက်ကုသမှုဖြစ်အောင် ဆောင်ရွက်ရန်နှင့် အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ ပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ရန်၊
၃။ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးပြီး ဝင်ငွေထိခိုက်နေသော ယခုကာလတွင် ကုန်ဈေးနှုန်းကျဆင်းကာ လူမှုဘဝတည်ငြိမ်ရေးအတွက် စားသုံးကုန်များ၊ ဆေးဝါးပစ္စည်းများ၊ ရေလုပ်ငန်းသုံးပစ္စည်းများ၊ လယ်ယာလုပ်ငန်းခွင်သုံးပစ္စည်းများ၊ စက်မှုလက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ စက်ကိရိယာပစ္စည်းများ၊ ရခိုင်ပြည်နယ်မှ လယ်ယာထွက်ကုန်ပစ္စည်းများအား စစ်ဆေးကန့်သတ်မှုနှင့် ခွင့်ပြုချက်တောင်းခံရမှုတို့ မပြုလုပ်ရဘဲ လွတ်လပ်စွာ တင်ပို့ရောင်းချခွင့်ပြုရန်၊
၄။ Covid - 19 ကပ်ရောဂါကာလ ပြည်သူများ အတိဒုက္ခရောက်နေသည့်အချိန်တွင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပေးအပ်သော လူသားချင်းစာနာမှု အကူအညီအထောက်အပံ့များကိုလည်း ပိတ်ပင်တားဆီးမှုမရှိဘဲ လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့်ပြုရန်နှင့်
၅။ Covid - 19 ကပ်ရောဂါကြောင့် စိတ်ထိခိုက်နေရသည့် ပြည်သူများအား ဧည့်စာရင်းတိုင်ကြား နေရခြင်း၊ ကား၊ ဆိုယ်ကယ်ဖြင့် သွားလာနေကြသူများအား အစိုးရဘက်မှ လက်နက်အပြည့်အစုံဖြင့် စစ်ဆေးမှုပြုလုပ်နေခြင်းများသည် ပြည်သူများကို စိတ်ဓာတ်ရေးရာအရ ဘဝလုံခြုံမှုမရှိဟု ခံစားရစေပါသည်။ ထို့ကြောင့် တည်ငြိမ်စပြုနေပြီဖြစ်သော ရခိုင်ပြည်နယ်အတွင်း၌ မလိုလားအပ်သော ဤသို့ ပြုမှုဆောင်ရွက်ချက်များအား ဆက်လက် မပြုလုပ်ရန်စသည့်အချက်များဖြစ်သည်။
ယခုတောင်းဆိုချက်များနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီအတွင်းရေးမှူး ဦးခိုင်ပြည်စိုးအားဆက်သွယ်ခဲ့သော်လည်း ပါတီဥက္ကဋ္ဌကို မေးမြန်းရန်ပြောသည်။
ပါတီဥက္ကဋ္ဌဦးသာထွန်းလှကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါ။

ဆက်စပ် သတင်းများ