တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ပုန်ကန်မှုဖြစ်ပွါးပြီးနောက် ရုရှားသမ္မတပူတင် နှင့် ဝဂ္ဂနာခေါင်းဆောင် ပရီဂိုဇင်တို့ တွေ့ဆုံခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 401

ရုရှားနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လက ဝဂ္ဂနာ ကြေးစားတပ်များ၏ ပုန်ကန်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် သမ္မတပူတင်က ကြေးစားလက်နက်ကိုင် ခေါင်းဆောင် ပရီဂိုဇင်အား ဇွန်လ(၂၉)ရက်တွင် တွေ့ဆုံခဲ့ကြောင်း ကရင်မလင်က ဇူလိုင်(၁၀)ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဝဂ္ဂနာတပ်များ မော်စကိုသို့ ဆက်လက်မချီတက်တော့ဘဲ နောက်ပြန်ဆုတ်သွားပြီး ငါးရက်အကြာတွင် ပူတင်က ပရီဂိုဇင်ကို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

 

ပရီဂိုဇင်နှင့်အတူ ကြေးစားတပ်မှူးများနှင့် အဖွဲ့ဝင် ၃၅ ဦးလည်း တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည်။ ကရင်မလင်ပြောခွင့်ရ ဒီမီထရီ ပက်စ်ကော့ဗ် က တွေ့ဆုံမှုမှာ ၃နာရီကြာမြင့်ခဲ့ပြီး ဝဂ္ဂနာတပ်မှုးများက ၄င်းတို့သည် ပူတင်၏ ရဲဘော်များဖြစ်ပြီး ပူတင်အတွက် ဆက်လက်တိုက်ပွဲဝင်ပေးသွားမည်ဟု ဆိုသည်။

 

ပရီဂိုဇင် ခေါင်းဆောင်သော ဝဂ္ဂနာ ကြေးစားတပ်များသည် ဇွန်လကုန်ပိုင်းက ရုရှားတောင်ပိုင်းရှိ ရော့စ်တော့ဗ်မြို့ကို ထိန်းချုပ်လိုက်ပြီး ပူတင်ကို ပုန်ကန်ခဲ့ကြသည်။



၁၉၉၉ခုနှစ် အာဏာရယူပြီးနောက်ပိုင်း ပူတင်အတွက် အကြီးမားဆုံး စိန်ခေါ်မှုနှင့် ရင်ဆိုင်လိုက်ရသည်။

 

ပုန်ကန်မှုကို ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ကြားဝင်ဖြေရှင်းပေးသဖြင့် ပြေလည်မှုရရှိသွားပြီး ပူတင်က ပြည်တွင်းစစ်မှ ရှောင်လွဲနိုင်ခဲ့သဖြင့် ဝဂ္ဂနာစစ်သားများကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

 

ဝဂ္ဂနာခေါင်းဆောင် ပရီဂိုဇင်က ပုန်ကန်မှုမှာ ရုရှားအစိုးရကို ဖြုတ်ချရန်မဟုတ်ဘဲ တရားမျှတမှု ဖော်ဆောင်ရန်အတွက်သာဖြစ်ပြီး ရုရှားစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ၏ ယူကရိန်းစစ်ပွဲ ကိုင်တွယ်ပုံ နှင့် ဆောင်ရွက်ပုံများကို မကျေနပ်သောကြောင့် ဟု ဆိုသည်။

 

သဘောတူညီချက်အရ ပရီဂိုဇင်နှင့် ဝဂ္ဂနာတပ်များမှဘီလာရုစ်သို့ ပြောင်းရွှေ့ရန် ဖြစ်သော်လည်း ပြီးခဲ့သည့်ရက်က ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ပရီဂိုဇင်မှာ ရုရှားတွင်ပင် ရှိနေသေးပြီး ဝဂ္ဂနာတပ်များလည်း ဘီလာရုစ်သို့ ပြောင်းရွှေ့လာခြင်း မရှိသေးဟု ဆိုသည်။

 

NN- 27

Ref:CAN

ဆက်စပ် သတင်းများ