စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

အမှိုက်များဖြင့်ရှုပ်ပွနေသည့် မြေပုံအငူကမ်းခြေသာယာလှပရေးဆောင်ရွက်ရန် လူငယ်များ ရန်ပုံငွေရှာဖွေနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.6k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၃၀ / ၂၀၂၂
ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ အမှိုက်များဖြင့်ရှုပ်ပွနေသည့်အငူကမ်းခြေကို သာယာလှပရေးဆောင်ရွက်ရန် မြေပုံလူငယ်များအသင်းက ရန်ပုံငွေများရှာဖွေနေသည်ဟု သိရသည်။
အငူကမ်းခြေသည် မြေပုံမြို့၏တောင်ဘက် တစ်မိုင်ခန့်အကွာတွင်တည်ရှိပြီး ယင်းကမ်းခြေသို့လာရောက်လည်ပတ်သူများက စည်းကမ်းမဲ့အမှိုက်ပစ်မှုများကြောင့် ကမ်းခြေတစ်ခုလုံးအမှိုက်များဖြင့်ရှုပ်ပွနေသည်ဟု မြေပုံလူငယ်များအသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးလွင်က ပြောသည်။
ယခုအခါ ကမ်းခြေတစ်လျှောက် အမှိုက်သန့်ရှင်းရေးအတွက် အမှိုက်ပုံးများထားရှိခြင်း၊ အမှိုက်မပစ်ရနေရာများ သတ်မှတ်ထားခြင်း၊ အမှိုက်မပစ်ရသည့်နေရာများတွင် အသိပေးဆိုင်းဘိုးများထားရှိခြင်း၊ ကမ်းခြေ၏ဆွဲဆောင်မှုရှိသောနေရာများတွင် အလှဓာတ်ပုံရိုက်ကူးနိုင်ရေးအတွက် အပြင်အဆင်များထားရှိခြင်းများ ပြုလုပ်ပေးနိုင်ရန် ရန်ပုံငွေများ ရှာဖွေနေပြီဟု ကိုမျိုးလွင်က ပြောသည်။
“အဓိကတော့ အမှိုက်ကိုသန့်ရှင်းအောင်ဦးစားပေးလုပ်သွားမှာပါ။ လာလည်တဲ့သူတွေက စည်းကမ်းမဲ့အမှိုက်ပစ်မှုကြောင့် ကမ်းခြေအလှက ပျက်စီးသွားတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့နေရာတွေမှာ အမှိုက်ကိုပစ်ကြဖို့ အကြံပြုချင်ပါတယ်”ဟုပြောသည်။
ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ယခုကဲ့သို့ အငူကမ်းခြေကိုပြုပြင်ထိန်းသိမ်းခြင်းဖြင့် မိမိတို့၏မြို့ကိုလာရောက်လည်ပတ်သူ များပြားလာပြီး ဒေသခံများအတွက် တစ်လက်တစ်လမ်းမှ ဝင်ငွေရှာဖွေနိုင်မည်ဟု ကိုမျိုးလွင်က ပြောသည်။
အဆိုပါကမ်းခြေသည် အလွန်သာယာလှပသည့်ကမ်းခြေဖြစ်ပြီး ကမ်းခြေသို့ စနေနှင့် တနင်္ဂနွေရုံးပိတ်ရက်များတွင် မင်းပြား၊ မြေပုံနှင့် ပေါက်တောမြို့နယ်များဘက်မှလာရောက်လည်ပတ်လေ့ရှိကြသည်ဟုလည်း ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ