တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

စစ်တွေတွင်အမှိုက်သိမ်းစနစ်အပြောင်းအလဲလုပ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 8.6k

ဆောင်းဇာခြည်

နိရဉ္စရာ၊ မေ ၂၉/၂၀၂၁


အိမ်သုံးစွန့်ပစ်ပစ္စည်း အမှိုက်များကြောင့် မကြာခဏ ပြဿနာတက်နေသည့် ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် အမှိုက်သိမ်းစနစ်ကို စည်ပင်မှ ပြောင်းလဲကျင့်သုံးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်နယ်စည်ပင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးက စစ်တွေမှာ အခွန်ခကောက်လို့ရတဲ့ဥစ္စာနဲ့ ဝန်ဆောင်မှု ပေးရတဲ့ဥစ္စာနဲ့ မနိုင်နင်းဘူးပေါ့နော်။ အဲလိုပြဿနာတွေရှိတယ်။ အခုနောက်ပိုင်းတော့ စနစ်ပြောင်းမလို့ လုပ်နေပါတယ်။ အမှိုက်ကျင်းတွေဘာတွေ ရွှေ့ပြောင်းဖို့ အစိုးရက ပြင်ဆင်နေတယ်။ ရွှေ့ပြီးတော့ ခေါင်းလောင်းထိုးစနစ်နဲ့ အမှိုက်ကန်တွေမှာ အမှိုက်တွေကို မထားတော့ဘဲ အမှိုက်တွေကို အိမ်မှာပဲ ထားပြီး ကားလာရင် ထည့်တဲ့ စနစ်နဲ့ လုပ်ဖို့တော့ စီစဉ်နေပါတယ်ဟု ပြောသည်။

စစ်တွေမြို့တွင် ရေမြောင်းပိတ်ဆို့ခြင်းနှင့် အမှိုက်ပုံများ သိမ်းဆည်းမှု အားနည်းသဖြင့် စစ်တွေမြို့မှာ တစ်နေ့ထက် တစ်နေ့ ပိုမိုညစ်ညမ်းလာမှုအပေါ် စစ်တွေမြို့နေလူထု ဝေဖန်မှုများရှိနေသဖြင့် ပြည်နယ်စည်ပင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးကို နိရဉ္စရာသတင်းဌာနမှ မေ ၂၉ ရက် နံနက်က ဆက်သွယ်မေးမြန်းစဉ် ထိုသို့ တုံ့ပြန် ပြောကြားခြင်း ဖြစ်သည်။

စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက် အမှိုက်ပုံအနီးနေအိမ်မှ ဒေါ်မြသိန်းအေးကအမှိုက်ပုံမှာ အမှိုက်ကို စနစ်တကျ ထားစေချင်ပါတယ်။ ကျွန်မတို့ အိမ်နားက အမှိုက်ပုံကြောင့် အိမ်က ကလေးဆိုရင် ဆေးရုံ တက်ရတာတွေရှိတယ်။ အော့အန်တာတွေ၊ ဝမ်းရောဂါတွေဖြစ်တယ်။ အမှိုက်ပုံက အမှိုက်က အရမ်းနံစော်လွန်းလို့ တစ်ခါတစ်လေ အိမ်ရှေ့ဘက်ကို ထွက်ပြီး မနေနိုင်ဘူး။ တံခါးပိတ်ပြီး နောက်ဖေးဘက်မှာ သွားထိုင်နေရပါတယ်။ ယင်မကြီး အုံနေတာတစ်နေ့လုံးပဲ ဟု အိမ်အနီးရှိ အမှိုက်ပုံကြောင့် ကြုံတွေ့နေရသည့် အခက်အခဲကို ပြောဆိုသည်။

အမှိုက်စွန့်ပစ်သူများက အမှိုက်များကို ပလတ်စတစ်အိတ်များဖြင့် ထုပ်ပိုးကာ အမှိုက်ပုံ၌ လာရောက် စွန့်ပစ်ကြရာ ပုလင်းဆိုး ဗူးဆိုး ရှာဖွေသူများက အမှိုက်ထည့်ထားသော အိတ်များကို ဖွင့်ပြီး  ပုလင်းခွံ၊ ဗူးခွံများကို  ရှာဖွေခြင်း၊ ခွေးများနှင့် ကျီးကန်းများက ယင်းအမှိုက်အိတ်များအား ကိုက်ဖွင့်ပြီး ရှာဖွေ စားသောက်ကြသဖြင့် မှိုက်များမှာ လမ်းမအလယ်များ၌ပင် ပြန့်ကြဲနေပြီး မြင်မကောင်း ဖြစ်နေသည်ဟု သူမက ဆိုသည်။

စစ်တွေမြို့တွင် အမှိုက်နှင့် ရေမြောင်းပိတ်ဆို့ခြင်းပြဿနာအား မြို့နယ်စည်ပင်အနေဖြင့် ဖြေရှင်းပေးရမည့် တာဝန်အပြည့်အဝရှိကြောင်း စစ်တွေမြို့မှ မြို့မိမြို့ဖ ဦးသာစိန်က ပြောသည်။

စစ်တွေမှာ အမှိုက်ပစ်တဲ့နေရာမှာ အမှိုက်ပုံးတွေလည်း မရှိဘူး။ ဒီအတိုင်းပစ်ထားကြတာ တွေ့ရတယ်။ အဲဒီ အမှိုက်ပုံတွေက အနံ့ဟာ လမ်းသွားလမ်းလာ လူတွေ ဖြတ်သွားဖို့တောင် မကောင်းဘူး။ စစ်တွေက သိပ်ကြီးတဲ့မြို့ မဟုတ်ပါဘူး။ ဒါကို စီမံအုပ်ချုပ်နေသူတွေလည်း ဒါကို မြင်နေကြတာပဲ။ ဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာကို ဦးနှောက်ထဲမှာ ထည့်ထားရမယ်။ စည်ပင်ဆိုရင်လည်း ဒီအမှိုက်ပြဿနာကို စနစ်တကျလုပ်ပေးတာ မတွေ့ရဘူး။ ဒီအမှိုက်တွေကို သေသေချာချာ အမြန်ဆုံးမလုပ်ပေးရင် မြို့က စုတ်ပြတ်သတ်သွားမယ့် အနေအထားမှာ ရှိနေတယ်။ ဟု ပြောသည်။

စစ်တွေမြို့ပေါ်တွင် အမှိုက်များကို စနစ်တကျမစွန့်ပစ်ရာမှ ရေမြောင်းများပိတ်ဆို့ကာ ရေစီးရေလာ မကောင်းသဖြင့် မိုးရာသီရောက်တိုင်း စစ်တွေမြို့လမ်းအတော်တော်များတွင် ရေမြုပ်ပြီး ဆင်ခြေဖုံးရပ်ကွက်မှာ ၎င်းဒဏ်ကို အဆိုးရွားဆုံး ကြုံတွေ့ ခံစားနေရကြရသည်ဟု စစ်တွေဒေသခံများက ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်စည်ပင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးကို ဆက်လက် မေးမြန်းရာ ၎င်းက ယခုလို ရှင်းပြပြောဆိုသည်။

ရေမြောင်ပိတ်ဆို့တာကလည်း ပြောရမယ်ဆိုရင် အကုန်လုံးနဲ့ဆိုင်ပါတယ်။ ဥပဒေတွေ၊ စည်းကမ်းတွေလိုက်နာမှုက ရှားပါးတယ်။ ပြည်သူလူထုပူးပေါင်းပါဝင်မှုက အားနည်းပါတယ်။ အိမ်တွေဆောက်ကြတယ်။ တချို့ဆိုရင်မြောင်းတွေမှာ ပိတ်အောင်လုပ်ကြတယ်။ စည်ပင်ကလည်း မြောင်းတွေကို တူးပေးပါတယ်။ သို့သော် ပြည်သူလူထုက ပူးပေါင်းပါဝင်မှုက  နည်းနည်း အားနည်းပါတယ်။ အဓိက ပြောချင်တာကတော့ အကုန်လုံးကိုယ်စီကိုယ်စီ ပူးပေါင်းပြီးတော့ အားလုံး ဝိုင်းဝန်းကူညီကြမှ အဆင်ပြေပါမယ်

ရခိုင်ပြည်နယ် စစ်တွေမြို့သည် တိုင်းနှင့် ပြည်နယ် ၁၄ ခု၏ မြို့တော်များအထဲတွင်  အမှိုက် သိမ်းဆည်းမှုနှင့် ပတ်သက်ပြီး ဝန်ဆောင်မှု အလွန်အားနည်းသော မြို့တစ်မြို့ဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ