သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

စစ်တွေတွင် ၈ ရက်ကြာရပ်နားခဲ့ရသည့် ရေယာဉ်လိုင်းများ ဇူလိုင် ၂ ရက်မှစတင်ကာ ပြန်လည်ပြေးဆွဲမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 2k

နိရဥ္စရာ၊ ဇူလိုင် ၁/ ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၈ ရက်ကြာရပ်နားခဲ့ရသည့် ရေယာဉ်လိုင်းများသည် မနက်ဖြန်မှစတင်ကာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲတော့မည်ဟု သိရသည်။
စစ်တွေကိုအခြေပြု၍ အခြားမြို့နယ်များသို့ပြေးဆွဲနေသည့် အမြန်ရေယာဉ်လိုင်းများနှင့် ပုဂ္ဂလိက မော်တော်ယာဉ်လိုင်းများကို မနက်ဖြန် ဇူလိုင် ၂ ရက်တွင် ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲခွင့်ရရှိပြီဟု စစ်တွေမှ မြေပုံမြို့နယ် ကမ်းထောင်းကြီးသို့ပြေးဆွဲနေသည့် မော်တော်ဘုတ်ပိုင်ရှင် ဦးမောင်သန်းကြည်က နိရဥ္စရာကိုပြောသည်။
"မနေ့က ညနေ ၆ နာရီလောက်က ကျွန်တော့်ကို ရေကြောင်းပို့ဆောင်ရေးဌာနက ဖုန်းဆက်လာတယ်။ ဇူလိုင် ၂ ရက်၊ စနေနေ့ဖွင့်ပေးမယ်ပြောတယ်။ အဆင်သင့်လုပ်ထားတော့။ တခြားနီးစပ်ရာဌာနတွေကိုလည်း ဖုန်းလှမ်းဆက်ထားလို့ပြောထားတယ်"ဟု ပြောသည်။
အဆိုပါမော်တော်ဘုတ်သည် စစ်တွေတွင် ၈ ရက်ကြာ ပိတ်မိနေခဲ့ရာမှ မနက်ဖြန်တွင် ပြန်လည်ပြေးဆွဲခွင့်ရရှိသွားခြင်းဖြစ်သည်။
အလားတူ စစ်တွေမြို့မှ အခြားမြို့နယ်များသို့ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းခရီးစဉ်များကိုလည်း မနက်ဖြန်မှစတင်ကာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲတော့မည်ဟု အဆိုပါရေယာဉ်လိုင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တရားဝင်ဖော်ပြထားသည်။
ဇွန်လ ၂၃ ရက်တွင် စစ်တွေမြို့ရှိ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ အရာရှိ ၁ ဦးနှင့် စစ်သား ၁ ဦးတို့ကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က စစ်တွေမြို့ကို ပိတ်ဆို့ခဲ့ပြီး ရေကြောင်း ခရီးစဉ်များ ဝင်ထွက်သွားလာခွင့်ကိုလည်း ဇူလိုင်လ ၂၄ ရက်မှစတင်ကာ ပိတ်ပစ်ခဲ့သည်။
ထိုသို့ပိတ်ပင်တားမြစ်ခဲ့သဖြင့် ခရီးသွားပြည်သူရာနှင့်ချီပြီး စစ်တွေမြို့တွင် သောင်တင်ကာ အခက်အခဲဖြစ်ခဲ့ကြရသည်ဟု သိရသည်။ (NN-12)

ဆက်စပ် သတင်းများ