သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ခရီးသည်ရရှိမှုနည်းပါး၍ စစ်တွေ-ပေါက်တောပြေးဆွဲနေသော ပေါက်တောတံခွန်အမြန်ယာဉ် ရပ်နား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.2k

နွေဦးမေ
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၅ / ၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့မှ ပေါက်တောသို့ပြေးဆွဲနေသော ပေါက်တောတံခွန်အထူးအမြန်ရေယာဉ်တွင် ခရီးသည်ရရှိမှုနည်းပါး၍ ရပ်နားထားရသည်ဟု အဆိုပါအမြန်ရေယာဉ်ပိုင်ရှင် ဦးရွှေဖော်သူက နိရဥ္စရာကို ပြောသည်။
“ကျနော်တို့သင်္ဘောက အရင်ကဆို တစ်စီးမှာ လူ ၂၀၀ နီးပါးရှိတယ်။ ကျနော်တို့နောက်ဆုံးဆွဲခဲ့ချိန်အထိ ၆ဝ လောက်ပဲရတယ်။ ထွက်လို့အဆင်မပြေတော့ဘူး။ အရှူံးပေါ်လို့ ရပ်နားထားတာပါ”ဟု ပြောသည်။
အဆိုပါရေယာဉ်လိုင်းကို ပြီးခဲ့သည့်ဇန်နဝါရီလ ၃၁ ရက်အထိ ပြေးဆွဲခဲ့ပြီး ယခု ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ ရက်အကန့်အသတ်မရှိရပ်နားလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါရေယာဉ်လိုင်းသည် ၂ဝ၁၉ ခုနှစ်မှစတင်ကာ စစ်တွေနှင့်ပေါက်တောသို့ အမြန်ရေယာဉ် ၂ စီးဖြင့် နေ့စဉ်ပြေးဆွဲနေခဲ့ရာမှ ၃ နှစ်ခန့်အကြာတွင် ယခုကဲ့သို့ ရပ်နားလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် အဆိုပါအမြန်ရေယာဉ် ရပ်နားထားရခြင်းကြောင့် ခရီးသည်များအတွက် အဆင်မပြေမှုများဖြစ်နေသည်ဟုလည်း ပေါက်တောမြို့ခံ ကိုကျော်ကျော်ခိုင်က ပြောသည်။
“ပေါက်တောတံခွန်မဆွဲတော့ အဆင်မပြေဘူး။ ရွှေပြည်တန်တစ်စီးတည်းနဲ့ဆို လူတွေမလောက်မငဘူးလေ။ ထိုင်ဖို့နေရာတောင်မရဘူး။ ပြွတ်သိပ်ပြီးတော့ လိုက်ရတယ်။ နှစ်စီးထွက်ရင်တော့ သက်တောင့် သက်သာလိုက်ရတာပေါ့”ဟု ပြောသည်။
လက်ရှိတွင် စစ်တွေနှင့်ပေါက်တောသို့ ရွှေပြည်တန်အမြန်ရေယာဉ် ၂ စီးဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ