တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် အဆိုးဝါးဆုံးရေနစ်မြုပ်ခဲ့သည့် မြို့နယ်သုံးခုတွင် သောက်သုံးရေကန် ၁ဝဝ ခန့် ပျက်စီးခဲ့ဟုဆို


  • ရေးသူ: Web Master (NN 18)
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 650

ရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးခုတွင် ရေလွှမ်းမိုးမှု အဆိုးဝါးဆုံးဖြစ်ပေါ်ခဲ့သည့်အတွက် သောက်သုံးရေကန် ၁ဝဝ ခန့်အထိ ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။


ပျက်စီးသွားခဲ့သည့် သောက်သုံးရေကန်များမှာ ကျောက်တော်မြို့နယ်တွင် ၂၂ ကန်၊ မင်းပြားမြို့နယ်တွင် ၅၀ ခန့်နှင့် မြောက်ဦးမြို့နယ်တွင် ၂ဝ ခန့်၊ ကန်စုစုပေါင်း ၁ဝဝ ခန့် ရေလွှမ်းပျက်စီးသွားခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသည်။

အဆိုပါမြို့နယ် သုံးခုတွင် သြဂုတ်လ ၂ ရက်မှ သြဂုတ်လ ၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေနှင့် ချောင်းရေများလျှံကာ လူနေအိမ်များအပြင် သောက်သုံးရေ ၁ဝဝ ခန့်မှာလည်း ရေလွှမ်းခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။


ကျောက်တော်မြို့နယ်တွင်ဆိုလျှင် ညောင်ချောင်း၊ စပါးဆိပ်၊ ကျောက်တလုံး၊ မင်းသားတောင်နှင့် သိန်းတန်စသည့်ကျေးရွာများတွင် သောက်သုံးရေကန်များပျက်စီးသွားခြင်းဖြစ်ပြီး လက်ရှိတွင် ‌ရေစစ်ထုတ်ရန် ပြည်နယ်ကျေးလက်ဦးစီးဌာနသို့ တင်ပြထားကြောင်း ကျောက်တော်မြို့နယ် စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးက ပြောသည်။


ကျန်းမာရေးဌာနက ရေတွေမှာ ဆေးပြားတစ်ပြား ထည့်လိုက်ရင် ဆယ်လီတာပုံးတွေနဲ့ ထည့်သောက်ကြဖို့၊ ဝမ်းရောဂါ မဖြစ်ပွားရအောင် သောက်သုံးကြဖို့ တိုက်တွန်းနေတာရှိပါတယ်။ ကျေးလက်ဌာနကလည်း ကန်ရေတွေကို ပြန်ပြီးတော့ စစ်ထုတ်ဖို့အတွက် လုပ်နေတာတွေ ရှိပါတယ်” ဟု ဆိုသည်။

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းကျေးရွာရှိ သောက်သုံးကန် (၂)ကန်မှာ ရေနစ်မြုပ်သွားခဲ့သည့်အတွက် အခြားနေရာမှ ခက်ခက်ခဲခဲသွားခပ်နေကြရသည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

ရွာထဲက သောက်ရေကန်တွေ ရေဝင်သွားတယ်။ ဒါကြောင့် တခြားနေရာတွေက သွားခပ်နေရတယ်။ အဓိက က ဒီဘက်မှာ သောက်သုံးရေရော၊ စားဝတ်နေရေးကလည်း အခက်အခဲကြုံနေကြတယ်။ နေဖို့ထိုင်ဖို့ကလည်း စိုစိုစွတ်စွတ်နဲ့ ရေက နည်းနည်းစီပဲ ထပ်ကျသေးတယ်။ မကျတဲ့နေရာကလည်း ရှိနေသေးတယ်” ဟု ဆိုသည်။


ယင်းအပြင် မင်းပြားမြို့နယ်၊ ဖုံသာချောင်းတစ်လျှောက်ရှိ တောတန်းကျေးရွာ၊ မြင်းတင်မ၊ လက်ခုတ်၊ စိတ္တရ၊ ဒုံးသား၊ ဆင်းဆိတ်၊ တောတန်း စသည့်ကျေးရွာများတွင်လည်း သောက်သုံးရေကန်များ နစ်မြုပ်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

မြင်းတင်မ ကျေးရွာမှဒေသခံ အမျိုးသမီးတစ်ဦးက “ရွာက ကန်က အားလုံးမြုပ်သွားတယ်။ ဒါပေမဲ့ ရွာအမြင့်ဘက်မှာ မမြုပ်ဘဲကျန်ခဲ့တဲ့ ကန်ကနေပြီးတော့ သွားခပ်နေကြရတယ်” ဟု ဆိုသည်။

အလားတူ မြောက်ဦးမြို့နယ်တွင်လည်း မြောင်းဘွေ၊ ကုန်ဘောင်၊ ဘူးတလုံး၊ ကျွဲတဲစသည့်ကျေးရွာများမှ သောက်သုံးရေကန်များ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်ဟု မြောက်ဦးမြို့မှ လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

မြို့နယ်သုံးခုပေါင်း ပျက်စီးသွားသည့် သောက်သုံးရေကန်စာရင်းမှာ ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် မြို့နယ်စစ်ကောင်စီအဖွဲ့ဝင်အချို့၏ ကောက်ခံထားသောစာရင်းသာဖြစ်သည်။

ရခိုင်ပြည်နယ်ကျေးလက်ဌာနဦးစီးဌာနကမူ ပျက်စီးသွားသည့်သောက်သုံးရေကန်စာရင်းများကို ကောက်ယူနေဆဲဖြစ်ပြီး အတိအကျမသိရသေးကြောင်း ပြည်နယ်ကျေးလက်ဦးစီးဌာနမှ ဦးစီး ဦးချစ်မောင်က ပြောသည်။

ရခိုင်တွင် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားတို့အပါအဝင် အမ်း၊ မောင်တော၊ သံတွဲ၊ မြေပုံ၊ တောင်ကုတ်မြို့နယ်တို့တွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေများနှင့် ချောင်းရေများလျှံခဲ့သည့်အတွက် လူနေအိမ်များ၊ စိုက်ပျိုးပြီးစ စပါးခင်းများ၊ သောက်သုံးရေကန်များ ရေလွှမ်းခံခဲ့ရခြင်းဖြစ်သည်။

ယမန်နေ့ သြဂုတ်လ ၉ ရက်၊ နံနက်အစောမှစတင်ကာ ရေများပြန်ကျသွားကြပြီဖြစ်သော်လည်း ရွှံ့နွံများတင်ကျန်နေခဲ့မှုကြောင့် ဒေသခံများတွင် နေထိုင်ရေး ခက်ခဲနေကြသေးသည်ဟု သိရသည်။

ဓာတ်ပုံ - ကျောက်တော်မြို့နယ်အတွင်းရေနစ်မြုပ်နေသည်ကို သြဂုတ် ၈ ရက်က တွေ့ရစဉ်။

ဆက်စပ် သတင်းများ