သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရခိုင်ယူနိုက်တက် ယူ- ၁၅ အသင်း ၉ ပွဲကစားရာ ၈ ပွဲနိုင်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ရပ်တည်နေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၉ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 568

ရခိုင်ယူနိုက်တက် ယူ-၁၅ အသင်းသည် FIFA MFF U15 League ပွဲစဉ်တွင် ၉ ပွဲယှဉ်ပြိုင်ကစားရာ ၈ ပွဲအနိုင်ရရှိပြီး တစ်ပွဲသရေရလဒ်နှင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။


ယနေ့ သြဂုတ်လ ၁၉ ရက်၊ နံနက်ပိုင်းကယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ် (၉)တွင် အမှတ်ပေးဇယား ဒုတိယနေရာတွင်ရှိသည့် ရာမညအသင်းကို ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂ မှတ်ဖြတ်ကာ ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း ရခိုင်ယူနိုက်တက်ဘောလုံးအသင်းက ထုတ်ပြန်သည်။


အဆိုပါ ယူ- ၁၅ လူငယ်အသင်းသည် ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့ကြီးမှူးကျင်းပသည့် FIFA MFF U15 League ပွဲစဉ်တွင် ပါဝင်ယှဉ်ပြိုင်ကစားနေခြင်းဖြစ်သည်။

ယနေ့မနက်ပိုင်းကပွဲစဉ်တွင် ရခိုင်ယူနိုက်တက် ယူ-၁၅ အသင်းအတွက် ဦးဆောင်ဂိုးကို စွမ်းဇာနည် (ကျောနံပါတ်-၁၀) ဖြတ်ပေးပို့ရာ ပြိုင်ဘက် ခံစစ်မှ ကိုယ့်ဂိုးကိုယ် သွင်းခဲ့မိ၍ ရရှိခဲ့ပြီး ဒုတိယဂိုးကို ညီညီသန့် (ကျောနံပါတ်-၉) က ထောင့်ကန်ဘောမှတဆင့် ခေါင်းတိုက်သွင်းယူခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရခိုင်ယူနိုက်တက် ယူ-၁၅ အသင်းသည် အောက်မြန်မာဇုန် ပြိုင်ပွဲတွင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှ ရပ်တည်လျက်ရှိပြီး လာမည့် ပွဲစဉ်(၁၀)တွင် အာသာဝတီ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဟု ဆိုသည်။

ရခိုင်ယူနိုက်တက် ယူ - ၁၅ အသင်းမှာ ဩဂုတ် ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့်  Sporting Hanthar အသင်းနှင့် ပွဲစဉ်တွင်လည်း  ၅ ဂိုး - ၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။

ဩဂုတ်လ ၅ ရက်က ဗဟန်းမြက်ခင်းတုကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် Young Boys အသင်းနှင့် ပွဲစဉ်တွင်လည်း ၁၂ ဂိုး - ဂိုးမရှိ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး အသင်းမှ ကစားသမား ၃ ဦးအထိ ဟက်ထရစ် ရရှိခဲ့သည်။

ရခိုင်ယူနိုက်တက် ယူ-၁၅ ပွဲစဉ်တစ်လျှောက် ၉ ပွဲယှဉ်ပြိုင်ကစားရာ ၈ ပွဲနိုင်ပြီး တစ်ပွဲသရေရလဒ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေခြင်းဖြစ်သည်။

ရခိုင်ယူနိုက်တက်ဘောလုံးအသင်းသည် ဩဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် သံတွဲမြို့မအားကစားကွင်း၌ လူငယ်ဘောလုံးသမားသစ်များ ရွေးချယ်ခဲ့ပြီး ယူ-15 အသင်းအတွက် ကစားသမားသစ် ၁ဝ ဦးရွေးချယ်ခဲ့သည်။

ဆက်စပ် သတင်းများ