အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ရခိုင်စာပေဆု သုံးဆုပိုင်ရှင် ရိုးနွယ်(ကျောက်ဖြူ) ( ခေါ်)အရှင်သိရိန္ဒပျံလွန်တော်မူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 951

(စာပေလောကအတွက် တန်ဖိုးမဖြတ်နိုင်သည့် ဆုံးရှုံးမှုဟု ရခိုင်စာပေသမားများ ပြော)

ရခိုင်စာပေဆု သုံးဆုပိုင်ရှင် စာရေးဆရာ၊ ကဗျာဆရာ ရိုးနွယ်(ကျောက်ဖြူ)(ခေါ်) အရှင်သိရိန္ဒသည် စက်တင်ဘာ ၁၅ ရက်နေ့က ပျံလွန်တော်မူသွားခဲ့သည်ဟု စာပေအသိုင်းအဝိုင်းမှ သိရသည်။

ရိုးနွယ်(ကျောက်ဖြူ)(ခေါ်) အရှင်သိရိန္ဒသည် အသည်းကင်ဆာရောဂါဖြင့် ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်၊ ညတွင် သီတင်းသုံးရာ ကျောက်ဖြူမြို့၊ ကုလဘာတောင်ရပ်ကွက်၊ သိမ်တောင်ကျောင်း၌ ပျံလွန်တော်မူသွားခြင်းဖြစ်သည်ဟု မိတ်ဆွေဖြစ်သူ အရှင်ခေမာဝံသက နိရဥ္စရာကို မိန့်သည်။

“အသည်းကင်ဆာရောဂါနဲ့ ပျံလွန်တာပါ။ မနေ့က ည ၇ နာရီ ၅၀ လောက်မှာ သူသတင်းသုံးတဲ့ ကျောင်းမှာပဲ ပျံလွန်သွားတာပါ"ဟု မိန့်ကြားသည်။

အသည်းကင်ဆာရောဂါဖြစ်နေသည်ကိုမသိရှိဘဲ ပြီးခဲ့သည့် ဇွန်လက ရန်ကုန်တွင် ရောဂါသွားရောက်စစ်ဆေးရာမှ အသည်းကင်ဆာအဆင့်(၄)ဖြစ်နေပြီဟု စတင်သိခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။



ပြီးခဲ့သည့် ဩဂုတ်လကလည်း ရန်ကုန်သို့ ဆေးကုသမှုခံယူရန်သွားရောက်ခဲ့သေးသည်။

ယင်းအပြင် ရိုးနွယ်(ကျောက်ဖြူ)(ခေါ်) အရှင်သိရိန္ဒသည် အသက် ၂၀ ခန့်ကပင် လေးဖက်နာနှင့်ကျီးပေါင်းရောဂါကို ခံစားနေရသူဖြစ်ပြီး ဆေးသောက်နေရသူဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်၊ ဝမျှောင်ကျေးရွာဇာတိဖြစ်ပြီး ပျံလွန်တော်မူချိန် သက်တော် (၃ဝ)နှစ်၊ ဝါတော်(၁ဝ)ဝါ ရှိပြီဖြစ်သည်။

အရှင်သိရိန္ဒသည် ရိုးနွယ်(ကျောက်ဖြူ)ကလောင်အမည်ဖြင့် ရခိုင်ဒေသထုတ် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဆောင်းပါး၊ ကဗျာများ ရေးသားခဲ့သူဖြစ်ပြီး ရခိုင်စာပေဆု သုံးဆုကိုလည်း ဆွတ်ခူးရရှိထားသူဖြစ်သည်။

ရခိုင်စာပေဆုများထဲတွင် အကြီးဆုံးစာပေဆုဖြစ်သည့် တန်းခိုးဆရာထွန်းစာပေဆုပြိုင်ပွဲ၌ ဆောင်းပါးဆု (ပထမဆု)ကို ၂ဝ၂၁ ခုနှစ်တွင်လည်းကောင်း၊ ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းစာပေဆုပြိုင်ပွဲ၌ ကဗျာဆု(ပထမဆု)ကို ၂ဝ၂ဝ ပြည့်နှစ်တွင်လည်းကောင်း၊ ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းစာပေဆုပြိုင်ပွဲ၌ ကဗျာနှစ်သိမ့်ဆုကို ၂ဝ၁၉ ခုနှစ်တွင်လည်းကောင်း အသီးသီး ဆွတ်ခူးရရှိထားသူဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် "ကံဒိုင်းနယ်က လွမ်းရှိုက်သံ" ကဗျာလုံးချင်းစာအုပ်ကိုလည်း ထုတ်ဝေခဲ့သည်။

ယင်းအပြင် သာသနာတော်ဘွဲ့တံဆိပ်တော်များဖြစ်သည့် သာသနဓဇ ဓမ္မာစရိယ၊ ဗုဒ္ဓသာသနဓမ္မရက္ခိတဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ အဘိဓမ္မဝိဒူ၊ အမျိုးသားပထမကျော်စသည့်ဘွဲ့များကိုလည်း ဆက်ကပ်ခံထားရသူဖြစ်သည်။

ယခုကဲ့သို့ လောကီနှင့် လောကုတ္တရာစာပေတို့တွင် ထူးချွန်ထက်မြက်သည့် ပုဂ္ဂိုလ်တစ်ပါး အကြွေစောသွားခြင်းမှာ ရခိုင်စာပေလောကအတွက် များစွာဆုံးရှုံးနစ်နာမှုကိုဖြစ်စေသည်ဟု တန်းခိုးဆရာထွန်းစာပေဆုပြိုင်ပွဲမှ ဝတ္ထုဆုရှင်တစ်ဦးဖြစ်သူ ကျောက်တော်မြို့မှ ဆရာမ မြင့်သုမိုးက နိရဥ္စရာကိုပြောသည်။

“သာမန်လူတစ်ယောက်ဆုံးတာထက် နှမြောဖို့ကောင်းပါတယ်။ ပြီးရင် ကိုယ်ကလည်း စာပေသမားတစ်ယောက်အနေနဲ့လည်း နှမြောမိပါတယ်။ နောက်ပြီး အတွေးတောင် တစ်ခုတွေးမိပါတယ်။ ဒီကိုယ်တော်ဟာ အများကြီး ကြိုးစားနေခဲ့မှာ။ ကိုယ့်ကျန်းမာရေးကိုတောင် ကိုယ်ဂရုမစိုက်နိုင်အားဘဲ ဘဝမှာ လုပ်ချင်တာကို တစိုက်မတ်မတ် ဇွဲရှိရှိနဲ့ အများကြီးလုပ်ခဲ့မှာ။ ဒါကြောင့်လည်း ဒီလို အောင်မြင်မှုတွေရခဲ့တာ။ ဒီလိုအောင်မြင်ဖို့အတွက်လည်း ကိုယ့်ခန္ဓာကိုတောင် ဂရုမစိုက်နိုင်၊ ကိုယ့်ကျန်းမာရေးကိုတောင် အလေးမထားနိုင်ဘဲ အများကြီး ပင်ပန်းခံပြီးတော့ လုပ်နေခဲ့မှာလို့ အတွေးလေးတစ်ခုတောင် တွေးမိခဲ့ပါတယ်။ ကိုယ်တော်က အသက်အရွယ်လည်း ငယ်ငယ်လေးပဲ ရှိသေးတယ်။ ပြောရမယ်ဆိုရင် လုပ်စရာအလုပ်တွေအများကြီးရှိသေးတယ်။ အဲဒီမှာ လုပ်ခွင့်မရလိုက်ဘဲ တစ်ပိုင်းတစ်နဲ့ ဒီလိုနိဂုံးချုပ်သွားရတယ်ဆိုတော့ စာပေအတွက်လည်း ပြောပြဖို့မတတ်လောက်အောင်၊ တန်ဖိုးမဖြတ်နိုင်လောက်အောင် ဆုံးရှုံးမှုပါပဲ”ဟု ပြောသည်။

အရှင်သိရိန္ဒ(ခ) ရိုးနွယ်(ကျောက်ဖြူ)၏ ကြွင်းကျန်ရစ်သည့် ရုပ်အလောင်းကို မနက်ဖြန် စက်တင်ဘာလ ၁၇ ရက်၊ ညနေ ၃ နာရီတွင် ကျောက်ဖြူမြို့သုသာန်၌ သင်္ဂြိုလ်သွားမည်ဟု သိရသည်။ (NN-16, NN-23)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!