တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

တရုတ်စီမံကိန်းရှိရာ မဒေးကျွန်းတွင် ရွာချင်းဆက်လမ်းများ သွားလာ၍မရအောင်ထိ ပျက်စီးနေသော်လည်း ပြုပြင်ပေးမှုမရှိ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၆ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 829

ကန်ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံပြီး ရင်းနှီးမြုပ်နှံမှု ပြုလုပ်ထားသော တရုတ် ရေနံပိုက်လိုင်းနှင့် ရွှေသဘာ၀ဓာတ်ငွေ့ စီမံကိန်းတည်ရှိရာ ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် ရွာချင်းဆက်လမ်းများ သွားလာ၍ မရအောင်ထိ ပျက်စီးနေသော်လည်း တစ်စုံတစ်ရာ ပြုပြင်တည်ဆောက်ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စီမံကိန်းကို မစတင်မီက မဒေးကျွန်းဒေသခံများ သွားလာရေးလွယ်ကူစေရန် အတွက် ရွာချင်းဆက်လမ်းများကို ကျောက်ချောလမ်းအဖြစ် အဆင့်မြင့်တင်ပေးမည်ဟု သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က ကတိခံထားသော်လည်း ယခုအချိန်ထိ လမ်းများကို ကောင်းမွန်စွာ ဖောက်လုပ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောကြားသည်။

မဒေးကျွန်းပေါ်တွင် ရွာမ၊ ပြိန်၊ ကျောက်တန်းနှင့် ပန်းထိမ်ဆည်စသည့် ရွာလေးရွာတည်ရှိပြီး လူဦးရေ သုံးထောင်ခန့် နေထိုင်ကာ တစ်ရွာနှင့် တစ်ရွာမှာ မိုင်အနည်းငယ်သာ ကွာဝေးသည်ဟု သိရသည်။

မဒေးကျွန်း ပြိန်ကျေးရွာမှ ကိုဝေယံက“လမ်းတွေက အရမ်းပျက်စီးနေပါတယ်။ တောင်ကုန်းလို နေရာဆိုလို့ရှိ ရင် အဲ့လမ်းမှာ ခင်းထားတဲ့ကျောက်တွေ ပြိုကျတာတွေရှိတယ်။ ဖြတ်ရတာ တော်တော် ဒုက္ခရောက်တယ်။ ကျနော်တို့က ရွာကလူတွေအဆင်ပြေအောင် လမ်းကို ချောချောမွေ့မွေ့ ဖြစ်စေချင်တယ်” ဟုပြောသည်။


အဆိုပါ ကျွန်းပေါ်တွင် တရုတ်စီမံကိန်းများကို လာရောက် အကောင်အထည်ဖော်ဆောင်ရွက်သဖြင့် ဒေသခံများအနေဖြင့် လယ်ယာမြေများဆုံးရှုံးခဲ့ရသည်သာမက ငါးဖမ်းလုပ်ကွက်များလည်း လက်လွှတ် နစ်နာဆုံးပါးခဲ့ရသည်။

သို့အတွက် မဒေးကျွန်းဒေသခံများက တရုတ်စီမံကိန်းများတွင် အောက်ခြေအလုပ်များကို  ဒေသခံများကို အလုပ်ခန့်ရန်နှင့် ရွာချင်းဆက်လမ်းများကို  ကွန်ကရစ် ကျောက်ချော လမ်းခင်းပေးရန် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က သက်ဆိုင်ရာသို့  တောင်းဆိုခဲ့ဖူးခဲ့သည်။

အဆိုပါ တောင်းဆိုပြီးနောက် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က  အပေါစား ကွန်ကရစ်လမ်းပိုင်းအချို့ကို ခင်းပေးထားသော်လည်း အရည်အသွေးညံ့ဖျင်းသည့်အတွက် တစ်မိုးပင် မခံဘဲ ပျက်စီးသွားခဲ့သည်ဟု  မဒေးကျွန်းအုပ်စု၊ ကျောက်တန်းကျေးရွာမှ ရေလုပ်သား ကိုမောင်ကြည်ဝင်းက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ကွန်ကရစ်လမ်းတောင်မှ အပိုင်းပိုင်းလုပ်ထားတာရှိတယ်။ တစ်မိုးတောင်မခံဘူး။ ပျက်ကြတယ်။ တစ်ရွာနဲ့တစ်ရွာ တောက်လျှောက်လုပ်ထားတာမဟုတ်ဘူး။ ဟိုရွာတစ်ပိုင်း၊ ဒီရွာတစ်ပိုင်း။ လမ်းလုပ်ဖို့ ပိုက်ဆံကျတယ်လို့ကြားတယ်။ အကုန် ကြားကနေ စားပစ်ကြတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ရွာမ၊ ပြိန်ရွာ၊ ပန်းထိန်ဆည် ကျေးရွာ ၄ ရွာမှ ဒေသခံ ၅၀၀ ခန့်သည် CNPC ရုံးရှေ့သို့ ချီတက်၍ တောင်းဆိုချက် ၉ ချက်ဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ တောင်းဆိုချက်များမှာ တရွာနှင့်တရွာ သွားလာရ လွယ်ကူစေရန် ကျေးရွာချင်းဆက် လမ်းဖောက်လုပ်ပေးရန်၊ အစားထိုးမြေယာများ ဖော်ထုတ်ပေးရန်၊ လျှပ်စစ်မီးရရှိရန်နှင့် လယ်ယာမြေ လျော်ကြေးများ အပြည့်အဝပေးရန် စသည်တို့ ပါဝင်ကြောင်း သိရသည်။

CNPC သည် သူတို့ တရုတ်နိုင်ငံ၏ အကျိုးစီးပွားတစ်ခုတည်းကိုသာ ​ကြည့်ပြီး ဒေသခံပြည်သူများ၏ အကျိုးကို တစ်စုံတစ်ရာ ကြည့်ရှုခြင်းမရှိသဖြင့် ဒေသခံများမှာ အဆိုပါ စီမံကိန်းများတွင် ညစောင့် ဂိတ်စောင့် အလုပ်ကိုတောင်ရရှိခြင်းမရှိသလို ဒေသဖွံ့ဖြိုးရေး ကိုလည်း တစ်စုံတစ်ရာ အကောင်အထည်ဖော် လုပ်ကိုင်ပေးခြင်း မရှိကြောင်း သိရသည်။

“လမ်းတွေကိုကောင်းကောင်းမွန်မွန်နဲ့ ရွာချင်းဆက်လမ်းတွေကို ကွန်ကရစ်ခင်းပေးစေချင်တယ်။ မဒေးကျွန်းဒေသခံတွေကို အဓိကဦးစားပေးပြီး အလုပ်သွင်းပေးစေချင်တယ်။ သူတို့ရဲ့ ကုမ္ပဏီကြီးတွေထဲမှာပေါ့”ဟုပြောသည်။

လယ်ယာမြေလျော်ကြေးတွင်လည်း ထိုက်သင့်သလောက်မရရှိကြဘဲ စျေးနှိမ်ပြီး အတင်းအဓမ္မဝယ်ယူခြင်းများကြောင့် ရောင်းချခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိအချိန်တွင် မဒေးကျွန်းဒေသပေါ်၌ ကွန်ကရစ်တံတားတစ်ခု၊ ပြိန်ကျေးရွာတွင်အလယ်တန်း ကျောင်းဆောင်တစ်ဆောင် ၊ ရွာမကျေးရွာတွင် မူလွန်ကျောင်းတစ်ကျောင်းနှင့် စာသင်ကျောင်းဆောင်တစ်‌ဆောင် ၊ ရေပေးဝေခြင်းများနှင့် လျှပ်စစ်မီးရရှိအောင် ပြုလုပ်ထားကြောင်း သိရသည်။

တရုတ်ဘက်က စီစဉ်ပေးသည့် ရေပေးဝေမှုမှာလည်း သန့်ရှင်းမှုမရှိ သံချေးရောင်များ တက်ခြင်းကြောင့် ဒေသခံများအတွက် သုံးစွဲရ အဆင်မပြေခြင်းများရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ဇန်နဝါရီလက CNPC မှ တာဝန်ရှိသူများ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများတွေ့ဆုံခဲ့စဉ်က တရုတ် CNPC က ၎င်းတို့အနေဖြင့် မဒေးကျွန်းတွင် ၂၄ နာရီ မီးရရှိရေး၊ လမ်းပေးဆက်သွယ်ရေး စသော ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ကန်ဒေါ်လာ ၁၀ သန်းကို MOGE အား လွှဲပြောင်း ပေးအပ်ထားပြီးဖြစ်ကြောင်း ပြောဆိုထားသည်။ သို့သော်လည်း ယင်းထောက်ပံ့ငွေမှာ ယခုအချိန်ထိ ပျောက်ဆုံးနေသည်။

တရုတ်သို့ တင်ပို့သည့် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ရှိရာ မဒေးကျွန်းသည်  ကျောက်ဖြူမြို့နှင့် ၈ မိုင်ခန့် အဝေးတွင် တည်ရှိပြီး  မဒေးကျွန်းပေါ်တည်ဆောက်ထားသည့် ကီလိုမီတာ ၁၄၂၀ ဝန်းကျင် ရှည်လျားသော မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် ရေနံနှင့် သဘာ၀ဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တင်ပို့သည်။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် ယင်းပိုက်လိုင်းများမှ တစ်ဆင့် သဘာဝဓာတ်ငွေ့တင်ပို့မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ တစ်နေ့လျှင် ပျမ်းမျှ သဘာဝဓာတ်ငွေ့ကုဗပေသန်း ၄၀၀ ခန့်နှင့် အရှေ့အလယ်ပိုင်းမှ သင်္ဘောဖြင့် တင်ယူလာသည့် ရေနံစိမ်း ပျမ်းမျှ တန်ချိန်  ၁၆၀၀၀ ခန့် နေ့စဉ်ပို့လွှတ်ပေးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနစာရင်းများအရ သိရသည်။

ဆက်စပ် သတင်းများ