တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

အရှေ့အလယ်ပိုင်းတွင် ပွဲစားများမှ ရောင်းစားလိုက်သည့် ရခိုင်အမျိုးသမီးငယ် ၄ ဦးအနက် ၃ ဦးမှာ အီရတ်အစိုးရထံ ခိုလှုံခွင့်ရ


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်ကြသည့် အီရတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့တွင် ရောင်းစားခံခဲ့ရသည့် ရခိုင်အမျိုးသမီးငယ် ၄ ဦးအနက် အီရတ် နိုင်ငံရှိ ၃ ဦးစလုံးသည် အီရတ်အစိုးရထံတွင် ခိုလှုံခွင့်ရရှိသွားပြီဟု သိရသည်။

အီရတ်အစိုးရထံ ယခုနောက်ဆုံး ထပ်မံခိုလှုံခွင့်ရသွားသူမှာ မသန်းနွယ်ဌေး (၂၅) နှစ်ဖြစ်သည်။

မသန်းနွယ်ဌေးကို အောက်တိုဘာ ၄ ရက် မြန်မာအချိန် နေ့လယ် ၁ နာရီခွဲတွင် ယခုလက်ခံထားသည့် အိမ်ရှင်ကိုယ်တိုင်က အီရတ်နိုင်ငံမှ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အဖွဲ့အစည်း (IOM)ထံ သွားရောက် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သူမ ခိုလှုံခွင့်ရရှိသွားပြီးနောက် အီရတ်နိုင်ငံထဲတွင် ရောင်းစားခံရသည့် ရခိုင်အမျိုးသမီးငယ် ၃ ဦးစလုံးမှာ လုံခြုံစိတ်ချရပြီဖြစ်ကြောင်း ၎င်းတို့အရေးကူညီဆောင်ရွက်ပေးနေသူလည်းဖြစ်၊ ရခိုင်အမျိုးသားကွန်ရက်မှ ဥပဒေအကြံပေးဖြစ်သည့် ရှေ့နေ ဒေါ်ဝိုင်းသူဇာက နိရဥ္စရာသို့ အတည်ပြုပြောကြားသည်။

"အခုက သန်းနွယ်ဌေးလည်း အစိုးရဆီမှာ ခိုလှုံခွင့်ရသွားပြီ။ တစ်ခုရှိတာက ဟန်နီထွန်းနေတဲ့ အိမ်ပိုင်ရှင်နဲ့ သန်းနွယ်ဌေး အိမ်ပိုင်ရှင်တို့က အဆက်အသွယ်ရှိတယ်ထင်တယ်။ ဟန်နီထွန်းလိုမျိုး အိမ်ကိုဝင်စီးပြီး ဖမ်းလာမှာ ကြောက်လို့ သူကို ကားနှစ်နာရီလောက် မောင်းပြီးတော့ လမ်းမှာ ပစ်ထားခဲ့တယ်။ အဲဒီတော့ သန်းနွယ်ဌေးက လမ်းမှာတွေ့တဲ့ ၉ နှစ်အရွယ် အီရတ်ကလေးငယ် တစ်ယောက်ကို လက်ကိုဆွဲပြီးတော့ ငိုယိုပြီး အကူအညီတောင်းခဲ့တယ်။ အဲဒါကြောင့် ကလေးငယ်က အိမ်ကို ခေါ်သွားခဲ့ပါတယ်။ ပထမက အိမ်ရှင်လက်မခံချင်ဘူးလေ။ နောက်တော့ ကိုင်ရိုသံရုံးက တာဝန်ရှိသူတစ်ယောက် အကြောင်းစုံပြောပြပြီး အကူအညီတောင်းခံခဲ့ပါတယ်" ဟု ပြောသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ရောင်းစားခံခဲ့ရသည့် ရခိုင်အမျိုးသမီးငယ် ၄ ဦးမှာ မဟန်နီထွန်း (၂၂) နှစ်၊ မဝေဝေ (ခ) မမြတ်အေးစံ (၂၆) နှစ်၊ မသန်းနွယ်ဌေး (၂၅) နှစ်နှင့် မဝင်းဝင်းလှိုင် (၂၂) နှစ်တို့ ဖြစ်ကြသည်။

ယင်းအနက် မသန်းနွယ်ဌေးအပါအဝင် မဟန်နီထွန်းနှင့် မဝေဝေ (ခ) မမြတ်အေးစံတို့ ၃ ဦးသည် အီရတ်နိုင်ငံတွင်လည်းကောင်း၊ မဝင်းဝင်းလှိုင်သည် ဒူဘိုင်းနိုင်ငံတွင်လည်းကောင်း အသီးသီးရောင်းစားခံနေရသည်ဟု သိရသည်။

၎င်းတို့ထဲမှ မသန်းနွယ်ဌေး၊ မဟန်နီထွန်း၊ မဝေဝေ (ခ) မမြတ်အေးစံတို့ ၃ ဦးမှာ ရောင်းစားခံခဲ့ရပြီးနောက် ၄ လနီးပါးအကြာတွင် အီရတ် အစိုးရထံတွင် ခိုလှုံခွင့်ရသွားပြီဖြစ်သည်။

လက်ရှိတွင် မဟန်နီထွန်းနေခဲ့သည့် အိမ်ပိုင်ရှင်အား အီရတ် ရဲတပ်ဖွဲ့က စစ်ဆေးခံနေရကြောင်း ရှေ့နေ ဒေါ်ဝိုင်းသူဇာက ဆိုသည်။

"ဟန်နီထွန်းနေခဲ့တဲ့ အိမ်ပိုင်ရှင်ကို ရဲက စစ်ဆေးမှုတွေ ရှိနေပါတယ်။ သူတို့က ဘယ်လို့ဆက်ဆံခဲ့တဲ့အကြောင်းတွေကို ပြောလိုက်လို့ အခုလို့ စစ်ဆေးနေတာ ထင်ပါတယ်" ဟု ပြောသည်။

ဩဂုတ်လ ၂၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံမှ ဒူဘိုင်းနိုင်င်ငံသို့ ပို့ဆောင်ရောင်းစားခံခဲ့ရသည့် မဝင်းဝင်းလှိုင်အတွက်လည်း သံရုံးလမ်းကြောင်းတစ်ခုတည်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှေ့နေ ဒေါ်ဝိုင်းသူဇာက ဆက်လက်ပြောဆိုသည်။

"ဒူဘိုင်းက IOM နယ်မြေမှာ မရှိတော့ သူတို့အနေနဲ့ ကူညီဖို့ မဖြစ်နိုင်ဘူး။ အဲဒီတော့ သံရုံးလမ်းကြောင်းနဲ့ပဲ ဆောင်ရွက်နေပါတယ်" ဟု ပြောသည်။

မဝင်းဝင်းလှိုင်သည် သူတို့ဘာသာစကားကို နားလည်ပြောတတ်သူတစ်ဦးဖြစ်သည့်အတွက် အဖမ်းခံထားရသည့် ပွဲစားမ နှစ်ဦးကိုယ်စား လူရှာခိုင်းပြီး ပွဲစားလုပ်ခိုင်းနေကြောင်း သူမက မလုပ်နိုင်ကြောင်း ငြင်းဆို၍ အလုံပိတ်အခန်းထဲတွင် ပိတ်လှောင်ခံထားရကြောင်း ဆက်ပြောသည်။

ယခုရောင်းစားခံလိုက်ရသည့် အမျိုးသမီးငယ် ၄ ဦးမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များမှဖြစ်ကြပြီး ဒူဘိုင်းရှိ အလှပြင်ဆိုင်သို့ပို့ပေးမည်ဟု လိမ်လည်ပြောဆိုကာ စစ်တွေမြို့မှ ပွဲစား မနန္ဒာ၊ မခိုင်သန်းအေးနှင့် ဒူဘိုင်းနိုင်ငံရှိ မပန်ပန်(ခ)ခိုင်စန္ဒာတို့က အီရတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ ရောင်းစားခဲ့ခြင်း ဖြစ်သည်။

သူတို့ ၄ ဦးကို ပွဲစားများက ယခုနှစ်၊ မေလ ၇ ရက်တွင် ရန်ကုန်မှ ယူအေးအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့ တရားဝင်ပို့ဆောင်ခဲ့ပြီး ယင်းမှတဆင့် ၃ ဦးကို အီရတ်နိုင်ငံသို့ဆက်လက်ပို့ဆောင်ကာ ကျန်တစ်ဦးကို ဆော်ဒီအာရေဗျနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ပွဲစားများဖြင့် တရားဝင်လာခဲ့ပြီးနောက် ရောင်းစားခံထားရသူ မြန်မာအမျိုးသမီး အယောက် ၈၀ ကျော်ခန့် ရှိကြောင်း အိုမန်နိုင်ငံရှိ မြန်မာနိုင်ငံပိုင် အေဂျင်စီတစ်ခုတွင် လုပ်ကိုင်နေသူ တစ်ဦးထံမှ သိရသည်။

ယင်းထဲတွင် ရခိုင်အမျိုးသမီးငယ်များပါဝင်ပြီးအရေအတွက်မသိရသေးသော်လည်း အသက်အရွယ်အားဖြင့် အသက် ၂၀ မှ ၃၀ ကြားရှိကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံအတွင်း အစိုးရအဆက်ဆက် ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်း အလွန့်အလွန် ရှားပါးမှုများကြောင့် ရခိုင်အပါအဝင် မြန်မာ အမျိုးသမီးငယ်များမှာ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများအပါအဝင် ပြည်ပနိုင်ငံများသို့ အလုပ် လုပ်ကိုင်နိုင်ရန် ပွဲစားများ၏ အဆက်အသွယ်ကိုအားကိုးပြီး နှစ်စဉ် သွားရောက်မှုများရှိနေကြသည်။

ယင်းသို့သွားရောက်အလုပ်လုပ်ကိုင်ရာတွင် အလုပ်ရှင်သူဌေးများ၏ မတရားခိုင်းစေရိုက်နှက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အစာရေစာငတ်ပြတ်မှုများကိုကြုံတွေ့နေရပြီး ၄င်းတို့ကို တာဝန်ယူပို့ပေးခဲ့သည့်ပွဲစားများကိုတိုင်ကြားလျှင်လည်း ပွဲစားများက မဖြေရှင်းပေးဘဲ လျစ်လျူရှုထားသည်ဟု ကာယကံရှင်အမျိုးသမီးငယ်များက နိရဥ္စရာသို့ပြောဆိုထားကြသည်။ (NN - 9)

ပုံ - အီရတ်အစိုးရထံ ခိုလှုံခွင့်ရသွားသည့် ရခိုင်အမျိုးသမီးငယ် ၃ ဦးအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ