ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရခိုင်အမျိုးသမီးငယ် ၄ ဦးအား အရှေ့အလယ်ပိုင်းနိုင်ငံများတွင်ရောင်းစားခဲ့သည့် ပွဲစားအမျိုးသမီးနှစ်ဦးကို နိုဝင်ဘာ ၉ ရက်တွင် စွဲချက်တင်မည်


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၀၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 662

ရခိုင်အမျိုးသမီးငယ် ၄ ဦးကို အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ရောင်းစားခဲ့သည့် ပွဲစားအမျိုးသမီးသုံးဦး အနက် နှစ်ဦးကို နိုဝင်ဘာ ၉ ရက် ရုံးချိန်း၌ စွဲချက်တင် သွားမည်ဖြစ်ကြောင်း သိရသည်။

သူတို့နှစ်ဦးမှာ ရွှေပြည်သာမြို့နယ်တွင်နေထိုင်သည့် ရခိုင်အမျိုးသမီးပွဲစား မနန္ဒာနှင့် ဗမာအမျိုးသမီးပန်ပန်(ခ)ခိုင်စန္ဒာတို့ဖြစ်ကြောင်း သိရသည်။

သူတို့နှစ်ဦးအား နိုဝင်ဘာ ၂ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ရာ အမှု၌ နောက်ဆုံး တရားလိုပြ သက်သေ ဒုရဲအုပ်ကျော်နိုင်၏ ကိုယ်စားလှယ်ကို စစ်ဆေးခဲ့ပြီးနောက် လာမည့် နိုဝင်ဘာ ၉ ရက် ရုံးချိန်းတွင် စွဲချက်တင်မည်ဖြစ်ကြောင်း အမှုကို ကူညီပေးနေသည့် ရှေ့နေ ဒေါ်ဝိုင်းသူဇာက နိရဉ္စရာသို့ ပြောသည်။

"တရားလိုတွေ အားလုံးစစ်ပြီးပြီ။ နောက်အပတ်မှာ စွဲချက်တင်မယ်" ဟု ပြောသည်။

၄င်းတို့ကို စစ်တွေ အမှတ်(၁)ရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်က တရားလိုပြုလုပ်ကာ ပြည်ပအလုပ်ကိုင် ဆိုင်ရာဥပဒေပုဒ်မ (၂၆) ဖြင့် အမှုဖွင့် တရားစွဲထားပြီး ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

ပွဲစား မနန္ဒာ၊ မပန်ပန်(ခ)ခိုင်စန္ဒာနှင့် တရားခံပြေးအဖြစ် ရှောင်တိမ်းနေသူ မခိုင်သန်းအေးတို့သည် အသက် ၂၂ နှစ်မှ ၂၆ နှစ်အရွယ်ရှိ ရခိုင်အမျိုးသမီးငယ် ၄ ဦးတို့ကို ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ အလှပြင်ဆိုင်သို့ပို့ပေးမည်ဟုဆိုကာ အီရတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ ရောင်းစားခဲ့သည်ဟု သိရသည်။

ယင်းသို့ရောင်းစားခံခဲ့ရသည့် အမျိုးသမီး ၄ ဦးမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ရသေ့တောင် မြို့နယ်များမှ တစ်မြို့နယ်လျှင် တစ်ဦးကျစီဖြစ်ကြောင်း သိရသည်။

သူတို့ ၄ ဦးကို ပွဲစားများက ယခုနှစ်၊ မေလ ၇ ရက်တွင် ရန်ကုန်မှ ဒူဘိုင်းမြို့သို့ ပို့ဆောင်ခဲ့ပြီး ယင်းမှတဆင့် ၃ ဦးကို အီရတ်နိုင်ငံသို့ ဆက်လက်ပို့ဆောင်ကာ ကျန်တစ်ဦးကို ဆော်ဒီအာရေဗျနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသမီးငယ်များထဲမှ အီရတ်နိုင်ငံသို့ပို့ဆောင်ခံခဲ့ရသူများနှင့် မိသားစုဝင်များသည် ဇွန်လ ၂၁ ရက်တွင် အဆက်သွယ်ရရှိခဲ့ပြီးနောက် မိသားစုဝင်တစ်ဦးက စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းတွင် တိုင်ကြားအမှုဖွင့်ခဲ့သည်ဟု သိရသည်။

လက်ရှိ အီရတ်နိုင်ငံတွင် ရောင်းစားခံရသည့် ရခိုင်အမျိုးသမီး ၃ ဦးသည် ၄ လနီးပါးအကြာ အသက်အန္တရာယ်ခြိမ်းခြောက်မှုနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုမျိုးစုံခံခဲ့ရပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နှင့် အောက်တိုဘာ ၄ ရက်အတွင်းတွင် နိုင်ငံတကာ ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ အဖွဲ့အစည်း (IOM)နှင့် မြန်မာသံရုံးအကူအညီဖြင့် အီရတ်နိုင်ငံအစိုးရထံ တရားဝင်ခိုလှုံခွင့်ရသွားခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံမှ ဒူဘိုင်းမြို့သို့ ပြန်လည် ပို့ဆောင်ခံခဲ့ရသည့် မဝင်းဝင်းလှိုင် အတွက် လုံခြုံရာသို့ မရောက်ရှိသေးသည့်အတွက် သံရုံးလမ်းကြောင်းဖြင့် ကူညီနေကြောင်း ဒေါ်ဝိုင်းသူဇာက ပြောသည်။ 

ပုံ - ရခိုင်အမျိုးသမီးငယ် ၄ ဦးကို အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ရောင်းစားခဲ့သည့် ပွဲစားအမျိုးသမီး သုံးဦး

 

ဆက်စပ် သတင်းများ