ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်တွေဝေသာလီရေကူးကန်တွင် အခွန်ဝန်ထမ်းအမျိုးသားတစ်ဦး ရေနစ် သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.5k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝေသာလီဘောလုံးကွင်းအနီးရှိ ဝေသာလီရေကူး ကန်တွင် အကောက်ခွန်ဝန်ထမ်းအမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့သည်ဟု သိရသည်။

သေဆုံးသူသည် စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်မှ ဦးသိန်းလှမောင်နှင့် ဒေါ်မခင်ညွန့်တို့၏သား အသက် (၂၇) နှစ်အရွယ် ကိုစစ်နိုင်မင်းဖြစ်သည်။

သူသည် ယမန်နေ့ အောက်တိုဘာ ၂၁ ရက်၊ ညနေ ၅ နာရီကျော်ခန့်တွင် ရေကူးကန်အတွင်း ရေနစ်၍သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဒေါ်ဖြစ်သူ ဒေါ်မေဝင်းနိုင်က "မိသားစုနဲ့ ရေကူးဖို့သွားတာပါ။ ရေကူးနေရင်း သတိမထားမိတဲ့ အချိန်မှာ ပျောက်သွားတော့ မိသားစုကရှာကြတယ်။ ရှာမတွေ့တဲ့ အဆုံး ရင်းနှီးတဲ့လူတစ်ယောက်က ရေအောက်ကိုဆင်းရှာကြည့်တဲ့ခါမှ ရေအောက်မှာ မှောက်နေပါပြီ။ အဲဒီအချိန် အသက်မရှိတော့ဘူး။ ကြွက်တက်လို့လား။ ဘာလို့လဲမသိဘူး" ဟုပြောသည်။

သေဆုံးသူသည် အိမ်ထောင်မရှိသူဖြစ်ပြီး အခွန်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည်မှာ ၂ နှစ်ခန့်ရှိပြီဟု ၎င်းက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဝေသာလီရေကူးကန်၏ ပိုင်ရှင်ဖြစ်သူအား နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ ခရီးလွန်နေ၍ ဖုန်းပြန်လည် ခေါ်ဆိုပေးမည်ဟုဆိုကာ ဖုန်းချသွားခဲ့ပြီး များမကြာမီ နောက်ထပ်အကြိမ်အကြိမ် ဆက်သွယ်ခဲ့ချိန်တွင် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပါ။

သေဆုံးသူ၏အလောင်းသည် လက်ရှိတွင် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး၌ ထားရှိပြီး မနက်ဖြန် အောက်တိုဘာ ၂၃ ရက်တွင် စစ်တွေမြို့သုသာန်၌ သင်္ဂြိုဟ်သွားမည်ဟု သိရသည်။ (NN -13)

ဆက်စပ် သတင်းများ