စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

အရှေ့အလယ်ပိုင်းတွင် ရောင်းစားခံရသည့် ရခိုင်အမျိုးသမီးငယ် ၄ ဦးအနက် နောက်ထပ်တစ်ဦး အီရတ်အစိုးရထံ ထပ်မံခိုလှုံခွင့်ရ


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်ကြသည့် အီရတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့တွင်  ရောင်းစားခံခဲ့ရသည့် ရခိုင်အမျိုးသမီးငယ် ၄ ဦးအနက် နောက်ထပ်တစ်ဦးသည် အီရတ်တွင် အဖမ်းခံရပြီးနောက် အစိုးရထံတွင် ထပ်မံခိုလှုံခွင့်ရသွားဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအီရတ်အစိုးရလက်ထဲတွင် ထမ်မံခိုလှုံခွင့်ရသွားသူမှာ မဟန်နီထွန်း (၂၂) နှစ်ဖြစ်ကြောင်း ၎င်းတို့အရေးကူညီဆောင်ရွက်ပေးနေသူလည်းဖြစ် ရခိုင်အမျိုးသားကွန်ရက်မှ ဥပဒေ အကြံပေးဖြစ်သည့် ရှေ့နေ ဒေါ်ဝိုင်းသူဇာက နိရဉ္စရာသို့  အတည်ပြု ပြောကြားသည်။

"နောက်ထပ်တစ်ယောက် အစိုးရဆီမှာ ခိုလှုံခွင့်ရသွားပြီ။ ဟန်နီထွန်းရသွားတာပါ။ သူကို မနေ့ညက အဲနိုင်ငံက တရားမဝင် အလုပ်သားများ ဖမ်းဆီးရေးအဖွဲ့နဲ့ ရဲနဲ့ ဖမ်းဆီးလိုက်တာပါ။ အခုတော့ အစိုးရလက်ထဲမှာ ရောက်သွားပါပြီ။ အီရတ်တရားရုံးက ဝရမ်းထုတ်ပေးပြီးမှာ သူကို ဝင်ဖမ်းလို့ရတာပါ။ သူအတွက် လုံခြုံသွားပြီးလို့‌ ပြောလို့ရပါတယ်" ဟု ပြောသည်။

မဟန်နီထွန်းကို  ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက် ညနေပိုင်းက သူမ အလုပ်လုပ်ကိုင်နေသည့် နေအိမ်သို့ အီရတ်တရားဝင် အလုပ်သားများ ဖမ်းဆီးရေးအဖွဲ့နဲ့ အီရတ် ရဲတို့က ပူပေါင်း ဝင်ရောက် ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ယင်းနောက် အီရတ်နိုင်ငံမှ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အဖွဲ့အစည်း (IOM)နှင့် အီဂျစ်နိုင်ငံရှိ ကိုင်ရိုမြန်မာနိုင်ငံသံရုံး၏ အကူအညီဖြင့် စက်တင်ဘာလ ၂၈ ရက်တွင် အီရတ်နိုင်ငံ အစိုးရထံ ခိုလှုံခွင့်ရခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် အီရတ်နိုင်ငံသို့ ရောင်းစာခံထားရသည့် ၃ ဦးထဲမှ ၂ ဦးသည် လုံခြုံစိတ်ချရသည့် အခြေအနေတွင် ရှိနေသော်လည်း နောက်တစ်ယောက်ဖြစ်သည့် မသန်းနွယ်ဌေး (၂၅) နှစ်သည် အိမ်တွင်းအကြမ်းဖက်မှု ခံနေရသည့်အပြင် သူမအား လာရောက်ကူညီခြင်းမရှိသေးသည့်အတွက် စိတ်ဓာတ်ကျနေကြောင်း ရှေ့နေ ဒေါ်ဝိုင်းသူဇာက ဆိုသည်။

"သူကတော့ သူကို လာမခေါ်သေးတဲ့အတွက် အရမ်းစိတ်ပူနေပါတယ်။ ကျန်နှစ်ယောက်တော့ လုံခြုံတဲ့နေရာကို‌ ရောက်သွားပြီးဆိုတော့လေ။ သူလည်း လာချင်နေပြီးလို့ ပြောတယ်" ဟု ပြောသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ရောင်းစားခံခဲ့ရသည့် ရခိုင်အမျိုးသမီးငယ် ၄ ဦးမှာ မဟန်နီထွန်း (၂၂) နှစ်၊ မဝေဝေ (ခ) မမြတ်အေးစံ (၂၆) နှစ်၊ မသန်းနွယ်ဌေး (၂၅) နှစ်နှင့် မဝင်းဝင်းလှိုင် (၂၂) နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့ထဲမှ  မဟန်နီထွန်း (၂၂) နှစ်နှင့် မဝေဝေ (ခ) မမြတ်အေးစံ (၂၆) နှစ် နှစ်ဦးတို့သည့် ရောင်းစားခံခဲ့ရပြီးနောက် ၄ လနီးပါးအကြာတွင် အီရတ်အစိုးရထံတွင် ခိုလှုံခွင့်ရသွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များမှဖြစ်ကြကာ ဒူဘိုင်းရှိ အလှပြင်ဆိုင်သို့ပို့ပေးမည်ဟု လိမ်လည်ပြောဆိုကာ စစ်တွေမြို့မှ ပွဲစား မနန္ဒာ၊ မခိုင်သန်းအေးနှင့် ဒူဘိုင်းနိုင်ငံရှိ မပန်ပန်(ခ)ခိုင်စန္ဒာတို့က အီရတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ ရောင်းစားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ၄ ဦးအထဲမှ ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံမှ ဒူဘိုင်းနိုင်င်ငံသို့ ပို့ဆောင်ခံခဲ့ရသည့် မဝင်းဝင်းလှိုင်အတွက် သက်ဆိုင်ရာ သံရုံးများထံ အကူအညီများ တောင်းခံထားကြောင်း၊ ၎င်းတို့ထံမှ တစ်စုံတစ်ရာ အကြောင်းမပြန်သေးကြောင်း ရှေ့နေ ဒေါ်ဝိုင်းသူဇာက ဆက်လက်ပြောဆိုသည်။

" တစ်ခုရှိတာက IOM က ဒူဘိုင်းမှာ မရှိဘူး။ ပြီးတော့ IOM ရဲ့ ဧရိယာထဲမှာ ဒူဘိုင်းမပါဘူး။ အဲဒါကြောင့် ကျမတို့က နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ သံရုံးလမ်းကြောင်းနဲ့သာ လုပ်ရပါတယ်။ သံရုံးကတော့ သူကို ခေါ်ဖို့ လုပ်နေတယ်လို့ ပြောပါတယ်။ ကျန်တာ အကြောင်းမပြန်သေးဘူး" ဟု ပြောသည်။

၎င်းအပြင် မဝင်းဝင်းလှိုင်သည် သူတို့ဘာသာစကားကို နားလည်ပြောတတ်သူတစ်ဦးဖြစ်သည့်အတွက် အဖမ်းခံထားရသည့် ပွဲစားမ နှစ်ဦးကိုယ်စား လူရှာခိုင်းပြီး ပွဲစားလုပ်ခိုင်းနေကြောင်း သူမက မလုပ်နိုင်ကြောင်း ငြင်းဆို၍ လုံပိတ်အခန်းထဲတွင် ပိတ်လှောင်ခံထားရကြောင်း ဆက်ပြောသည်။

သူတို့ ၄ ဦးကို ပွဲစားများက ယခုနှစ်၊ မေလ ၇ ရက်တွင် ရန်ကုန်မှ ယူအေးအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့ တရားဝင်ပို့ဆောင်ခဲ့ပြီး ယင်းမှတဆင့် ၃ ဦးကို အီရတ်နိုင်ငံသို့ဆက်လက်ပို့ဆောင်ကာ ကျန်တစ်ဦးကို ဆော်ဒီအာရေဗျနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ပွဲစားများဖြင့် တရားဝင်လာခဲ့ပြီးနောက် ရောင်းစားခံထားရသူ မြန်မာအမျိုးသမီး အယောက် ၈၀ ကျော်ခန့် ရှိကြောင်း အိုမန်နိုင်ငံရှိ မြန်မာနိုင်ငံပိုင် အေဂျင်စီတစ်ခုတွင် လုပ်ကိုင်နေသူ တစ်ဦးထံမှ သိရသည်။

ယင်းထဲတွင် ရခိုင်အမျိုးသမီးငယ်များပါဝင်ပြီး အရေအတွက်မသိရသေးသော်လည်း အသက်အရွယ်အားဖြင့် အသက် ၂၀ မှ ၃၀ ကြားရှိကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံအတွင်း အစိုးရအဆက်ဆက် ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်း အလွန့်အလွန် ရှားပါးမှုများကြောင့် ရခိုင်အပါအဝင် မြန်မာ အမျိုးသမီးငယ်များမှာ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများအပါအဝင် ပြည်ပနိုင်ငံများသို့ အလုပ် လုပ်ကိုင်နိုင်ရန် ပွဲစားများ၏ အဆက်အသွယ်ကိုအားကိုးပြီး နှစ်စဉ် သွားရောက်မှုများရှိနေကြသည်။

ယင်းသို့သွားရောက်အလုပ်လုပ်ကိုင်ရာတွင် အလုပ်ရှင်သူဌေးများ၏ မတရားခိုင်းစေရိုက်နှက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အစာရေစာငတ်ပြတ်မှုများကိုကြုံတွေ့နေရပြီး ၄င်းတို့ကို တာဝန်ယူပို့ပေးခဲ့သည့်ပွဲစားများကိုတိုင်ကြားလျှင်လည်း ပွဲစားများက မဖြေရှင်းပေးဘဲ လျစ်လျူရှုထားသည်ဟု ကာယကံရှင်အမျိုးသမီးငယ်များက နိရဉ္စရာသို့ပြောဆိုထားကြသည်။

ဆက်စပ် သတင်းများ