တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

အမျိုးသမီးနှင့် မိန်းကလေးငယ်များ သတိပြုစရာ အွန်လိုင်း အကြမ်းဖက်မှု


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 502

နည်းပညာတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ဆိုရှယ်မီဒီယာကို နည်းမျိုးစုံဖြင့်သုံးစွဲသူ များပြားလျက်ရှိရာ  အွန်လိုင်းသည် ကျွန်တော်တို့ နေ့စဉ်လှုမှုဘဝများကို များစွာ လွယ်ကူချောမွေ့အောင် ပြုလုပ်ပေးသည်မှာ ငြင်းဖွယ်ရာမရှိပေ။ သို့သော် အခြားတစ်ဘက်တွင်လည်း အွန်လိုင်းပေါ်မှ ကျူးလွန်သည့်ရာဇဝတ်မှုများသည် နေ့စဉ်ဘဝများကို ခြိမ်းခြောက်လျက်ရှိသည်ကိုလည်း တွေ့ရသည်။

အွန်လိုင်းပေါ်တွင် အကြမ်းဖက်ခြင်းဆိုသည်မှာ မိုဘိုင်းဖုန်းများ၊ စမတ်ဖုန်းများ၊ အင်တာနက်၊ လှုမှုကွန်ရက်၊ အီးမေးလ်များကဲ့သို့သော နည်းပညာကို အသုံးပြ၍ အကြမ်းဖက်မှု ကျူးလွန်ခြင်းဖြစ်သည်။

အွန်လိုင်းပေါ်တွင် ထိပါးနှောင့်ယှက်ခြင်း အမျိုးအစားများစွာရှိပါသည်။ ညစ်ညမ်းပုံများပြခြင်း၊ လူတစ်ဦးအား ထိခိုက်စေရန်အတွက် ၎င်းနှင့်ပတ်သက်သော ကိုယ်ရေးကိုယ်တာအချက်အလက်များကို အွန်လိုင်းပေါ်တွင် ဖြန့်ဝေခြင်း၊ လိင်ပိုင်းဆိုင်ရာကိစ္စများပါဝင်နေသည့် အကြောင်းအရာများကို ပါဝင်ပတ်သက်သူ သဘောတူညီချက်မရဘဲ ခိုးဝှက်၍ ဓါတ်ပုံ၊ ဗီဒီယိုများရိုက်ကူးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ အရှက်ခွဲခြင်း၊ အကျပ်ကိုင်၍ ထိန်းချုပ်လွှမ်းမိုးခြင်း၊ လက်ကိုင်ဖုန်းနှင့် လှုမှုကွန်ရက်များကို ခွင့်ပြုချက်မရှိဘဲ ခိုးယူအသုံးပြုနှောင့်ယှက်ခြင်း၊ စစ်ဆေးခြင်းတို့ဖြစ်ပါသည်။ 

၎င်းတို့အနက် အွန်လိုင်းပေါ်တွင် ထိပါးနှောင့်ယှက်ခြင်းသည် အွန်လိုင်းအသုံးပြုသူများ ရင်ဆိုင်ကြုံတွေ့လာရသည့် စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့သည်။ ကျားမရေးရာ အခြေပြု၍ အွန်လိုင်း အကြမ်းဖက်ခံရခြင်းသည် အွန်လိုင်းအသုံးပြုသည့် မည်သူမဆိုဖြစ်ပွားနိုင်ပါသည်။

ယင်းကဲ့သို့ အွန်လိုင်းအကြမ်းဖက်မှုများကို ကြုံတွေ့ရသူများထဲတွင် မကြာသေးခင်က သေဆုံးသွားသူမှာ ရခိုင်ပြည်နယ်မှ အသက် ၁၇ နှစ်အရွယ် ဆယ့်တစ်တန်းကျောင်းသူတစ်ဦးလည်း အပါအဝင်ဖြစ်ပြီး ဆိုရှယ်မီဒီယာတွင် ခြိမ်းခြောက်ခံရမှုကြောင့် မကြွေသင့်ဘဲ ကြွေခဲ့ရလေသည်။

“အဲဒီနေ့က အတူအတူမုန့်စားပြီးပြန်သွားတာ။ ပြန်ခါနီး ငါသွားသေတော့မယ်ပြောခဲ့တယ်။ သူက စ နောက်တယ်လို့ပဲထင်တယ်။ ဒီလိုတကယ်လုပ်မယ်မထင်ဘူး”ဟု သူမ၏သူငယ်ချင်းဖြစ်သူက ဆိုသည်။

မွေးချင်းသားသမီးများထဲတွင် သမီးမိန်းကလေးတစ်ဦးသာပါရှိသည့် သမီးလေးဆုံးရှုံးမှုအတွက် မိခင်ဖြစ်သူ၏ ရင်ထဲရှိပူဆွေးသောကအပူကို ဖြေသိမ့်စရာစကားလုံးမရှိပေ။ 

အကန့်အသတ်များသည့်ပတ်ဝန်းကျင်ကြားထဲတွင် “သူ့ကို ကျမ သူ့ရဲ့နေထိုင်ပုံစံတွေကြောင့် ဆူဆဲတာတွေမရှိခဲ့ဘူး။ သမီးလေးတစ်ယောက်တည်းမို့ အစ်ကိုတွေကလည်း ဝိုင်းချစ်ကြတာ။ ခုလိုလုပ်ရက်လုပ်လိမ့်မယ်လို့ မထင်ခဲ့ဘူး”ဟု ပြောသည်။

သူမသည် ငယ်ဘဝကတည်းက ယောကျော်း  လေးတစ်ယောက်ကဲ့သို့ ဝတ်စားဆင်ယင်တတ်ပြီး အားကစားပိုင်းတွင်လည်း ထူးချွန်သူတစ်ဦးဖြစ်ကြောင်း အိမ်နီးနားချင်းများကပြောသည်။ 

“ဘောလုံးပွဲတွေဆို သူထိပ်ဆုံးကပဲ။ တစ်ကိုယ်တော်ဆုလည်း ရတယ်။ အသင်းဆုတွေလည်းရတယ်” ဟု ဆွေမျိုးတော်စပ်သူ သူမနှင့်ရွယ်တူ မိန်းကလေးကပြောသည်။

သေဆုံးရသည့်အကြောင်းအရင်းမှာ သူမ၏ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ်စာမျက်နှာ မက်ဆင်ဂျာမှတဆင့် အမျိုးသားတစ်ဦး၏ ခြိမ်းခြောက်မှုကြောင့်ဖြစ်သည်ဟု သူမ မသေခင်ချန်ခဲ့သည့် စာရွက်လေးက သက်သေပြနေသည်။

သူမချန်ခဲ့သည်စာတွင် "fb က လူတစ်ယောက် ပေါက်ကရတွေပြောပြီး ကျမပုံတွေကိုယူပြီး ကျမသူငယ်ချင်းတွေဆီမှာ အရှက်ခွဲမယ်လို့ပြောတယ်။ ဗွီဒီယိုကောလ်တွေ‌လည်း ခေါ်တယ်။ ကျမအရှက်ကွဲမယ်ကြောက်လို့ ကျမဟာ ကျမ သတ်သေတာ။အိမ်နဲ့လည်း ပြဿနာမဖြစ်ပါဘူး။ ကျမအကြောင်းနဲ့ ကျမ သတ်သေတာပါ။ တောင်းပန်ပါတယ် မေမေနဲ့ဖေဖေ။ လောကအလယ်မှာ မေမေနဲ့ဖေဖေကို နှစ်ယောက်တည်းထားခဲ့တဲ့အတွက်။ ကျမအရှက်ကို ကျမ အသက်နဲ့ရင်းပြီး ဖုံးသွားတာပါ"ဟုရေးထားသည်။ 

သူမသည် ယောကျ်ားလေးလိုဝတ်စားဆင်ယင်တတ်သော်လည်း မိန်းကလေးများနှင့်သာအနေများပြီး အရှုပ်အရှင်းကင်းသည်ဟု ရွာသားများက ပြောသည်။

၂၀၁၇ ခုနှစ်တွင် ယူနက်စကိုက ထုတ်ဝေခဲ့သော ကျောင်းတွင်းအကြမ်းဖက်မှုနှင့် အနိုင်ကျင့်မှု အစီရင်ခံစာ၌ ပါဝင်သော အွန်လိုင်းထိပါး နှောင့်ယှက်မှုနှုန်းဆိုင်ရာ အချက်အလက်များအရ ကလေးငယ်များနှင့် ဆယ်ကျော်သက်များတွင် အကြမ်းဖက်ခံရသည့်ပမာဏမှာ ၅ ရာခိုင်နှုန်းနှင့် ၂၁ ရာခိုင်နှုန်းကြားတွင်ရှိပြီး မိန်းကလေးများသည် ယောကျာ်းလေးများထက် အကြမ်းဖက်ခံရနှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိရသည်။  

ယင်းကဲ့သို့ အနိုင်ကျင့်နှောင့်ယှက်မှုများ ကြုံလာရမည်ဆိုပါက ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိလာနိုင်ပေသည်။ အချိန်မီ ကောင်းစွာ မကိုင်တွယ်နိုင်လျှင် အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ များသောအားဖြင့် ကြောက်ရွံ့ထိတ်လန့်ခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရန်လိုခြင်း၊ အိပ်ပျော်ရန် အခက်ကြုံခြင်း၊ အစားသောက် အလေ့အထပြောင်းလဲခြင်း၊ နေ့စဉ်လှုမှုဘဝများ ဖြတ်သန်းရန်ခက်ခဲခြင်းများအပြင် ကိုယ့်ကိုကိုယ် ထိခိုက်နာကျင်အောင် လုပ်မိသည်အထိ ခံစားရနိုင်သည်။

ယင်းကြောင့် အွန်လိုင်းအကြမ်းဖက်မှု ခံစားရပြီဆိုပါက ရပ်တန့်သွားနိုင်ဖို့ ကိုယ်လုပ်နိုင်သည် တစ်ခုခုကို စတင်လုပ်ဆောင်ပါ။ စိတ်ချယုံကြည်ရသူများကို ရင်ဖွင့်ပြောပြပါ။ တစ်ဉီးတစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းခြင်းမလုပ်ဘဲ မိတ်ဆွေ၊ သူငယ်ချင်း၊ လူကြီးများထံမှ အကူအညီရယူရန်လိုအပ်ပေသည်။

 ထို့အပြင် အွန်လိုင်း အသုံးပြုသူတိုင်း မိမိ ဓာတ်ပုံ၊ ဗီဒီယို အစရှိသည်တို့ကို ဆိုရှယ်မီဒီယာပို့စ်များ၊ ပလက်ဖောင်းများမှတဆင့် မျှဝေသည့်အခါ သတိရှိရှိ အသုံးပြုရန်လိုအပ်ပေသည်။ မိဘအုပ်ထိန်းသူများလည်း နည်းပညာများနှင့် အကျွမ်းတဝင်လေ့လာထားရန်လိုအပ်ပြီး အန္တရာယ်ကင်းအောင်မည်ကဲ့သို့ သတိထားသုံးစွဲသင့်သည်ဆိုသည်ကို သားသမီးများအား ဆွေးနွေးပြသသင်ကြားပေးခြင်းများ ပြုလုပ်ပေးရန် လိုအပ်ပေမည်။ မိတ်ဆွေသူငယ်ချင်းများကလည်း အွန်လိုင်းသုံးစွဲသူအချင်းချင်း စောင့်ကြည်ကာကွယ်ပေးပြီး  စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများ လျော့ပါးသက်သာအောင် ကူညီပံ့ပိုးပေးကြရန်လိုအပ်ပေသည်။ သို့မှသာ အွန်လိုင်းပေါ်မှအကြမ်းဖက်အနိုင်ကျင့်ရပ်တန့်သွားဖို့ တစ်ဉီးချင်းဆီတိုင်းက ကိုယ်တိုင်ပါဝင်ကာကွယ်နိုင်ကြမည်ဖြစ်သည်။ 

အွန်လိုင်းပေါ်တွင် အကြမ်းဖက်ခြင်းသည် အွန်လိုင်းပေါ်ရှိ အကောင့်တု၊ နာမည်တု အသုံးပြု၍ အမည်မဖော်ဘဲ လုပ်ဆောင်နိုင်ခြင်းဖြစ်သည့်အတွက် ကျူးလွန်သူကို အလွယ်တကူ ခြေရာခံရန် ခက်ခဲသည်။ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တွင်တော့ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်ဩဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းပြုလုပ်လျှင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ