စနေ၊ မေလ ၄ရက်၊ ၂၀၂၄

မောင်တောတောင်ပိုင်း အင်းဒင်ရွာမှ အမျိုးသား(၃)ဦး ပျောက်ဆုံးနေ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၂၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည် မောင်တောတောင်ပိုင်း၊ အင်းဒင်ကျေးရွာအုပ်စု၊ အင်းဒင်ရွာသစ်(ခေါ်) အောင်သုခကျေးရွာမှ အမျိုးသား(၃)ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသူ ၃ ဦးမှာ ကိုချစ်ကိုတို့ ညီအကိုနှစ်ဦးနှင့် နောက်ထပ် ဒေသခံအမျိုးသားတစ်ဦး ဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၃ ဦးသည် ထွက်ပြေးခိုလှုံနေသည့် ကျေးရွာမှ ဒီဇင်ဘာ ၂၆ ရက်က ရွာထဲကိုပြန်ဝင်ကာ ရိက္ခာသွားယူချိန်မှစ၍ ပျောက်ဆုံးနေကာ ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ထိ မိသားစုနှင့်  အဆက်အသွယ်မရဘဲဖြစ်နေကြောင်း သူတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

"သူတို့တွေက သံတွဲဘက်ကပြောင်းလာကြတဲ့လူတွေပါ။ အသက် နှစ်ဆယ်ကျော် သုံးဆယ်အရွယ်တွေ၊ ချစ်ကိုတို့ ညီအစ်ကိုနှစ်ယောက်နဲ့ နောက်တစ်ယောက် ရိက္ခာကုန်လို့ ရွာထဲကို ပြန်ဝင်ပြီး ရိက္ခာလေး သွားယူတာ။ အခု အဆက်အသွယ်မရ ပျောက်ဆုံးနေပါတယ် "ဟု ပြောသည်။

ချစ်ကိုတို့ ညီအစ်ကိုနှစ်ယောက်မှာ  သံတွဲဇာတိဖြစ်ပြီး အောင်သုခကျေးရွာတွင် ပြောင်းရွှေ့နေထိုင်သူများဖြစ်ကြောင်း၊ သူတို့ အဖေက ရဲသားဖြစ်ပြီး  အဖေဖြစ်သူရှိသေးလား၊ ဆုံးသွားပြီလားဆိုသည်ကို မသိရှိကြောင်း၊  နိုဝင်ဘာလအတွင်း တိုက်ပွဲများဖြစ်ပွါးခဲ့ပြီး ကျေးရွာအနီးကို စစ်ကောင်စီ တပ်ရင်းများက လက်နက်ကြီးပစ်ခတ်၍ နီးစပ်ရာကျေးရွာများကို ထွက်ပြေး တိမ်းရှောင် နေကြသူများဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

"သူတို့သုံးသောက်က  ၂၆ ရက်ကနေ ပျောက်နေတာ ၃ ရက်ရှိပါပြီ။ တစ်ယောက်မှပြန်မရောက်ဘူး။ အဆက်အသွယ်လည်း မရဘူး။ လူတွေလည်း သွားမကြည့်ရဲပါဘူး။ စစ်သားတွေက ရွာမှာ  ကင်းပုန်းဝပ်လို့ရှိကြတော့ မိသားစုကအစ သွားမကြည့်ရဲဘူး"ဟု ဆိုသည်။

မိသားစုအပါအဝင် ကျေးရွာသားများ ၎င်းတို့အား သွားရောက်မရှာဖွေနိုင်ဘဲဖြစ်နေပြီး  စိုးရိမ်နေကြရသည်ဟု ဆိုသည်။

ရသေ့တောင်မြို့နယ်နှင့် မောင်တောတောင်ပိုင်းအစပ် မောင်တော-အငူမော်ကားလမ်းရှိ ချိန်ခါလီနှင့် ဒုံးပိုက်စခန်းကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၁၃ ရက်ကဝင်ရောက်တိုက်ခိုက်ပြီး စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် အင်းဒင်ကျေးရွာအုပ်စုအပါအဝင် အနီးအနား ကျေးရွာများမှ ကျေးရွာသားများထွက်ပြေး တိမ်းရှောင်နေခဲ့ကြရခြင်းဖြစ်သည်။ (NN-7) 

ဆက်စပ် သတင်းများ