စနေ၊ မေလ ၄ရက်၊ ၂၀၂၄

မြောင်းဘွေရဲစခန်းမှ ထွက်ပြေးသွားသည့်စစ်သားများက မွတ်ဆလင်ရွာကိုသေနတ်များဖြင့် ပစ်ခတ်ပြီး ရွာသား ၄ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2k

ရခိုင်ပြည်မြောက်ဦးမြို့နယ်၊ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်(AA) ကယနေ့ဒီဇင်ဘာ ၃၀ရက်နေ့၊  နံနက်၂နာရီခန့်က သိမ်းပိုက်လိုက်ပြီးနောက်ယင်းရဲစခန်းမှထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မွတ်ဆလင်ကျေးရွာသား ၄ဦးကိုလူသား ဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံ ရသည့် မွတ်ဆလင် ၄ဦးမှာ မြောက်ဦးမြို့နယ်၊ မောင်ညိုကျွန်းကျေးရွာအနီးရှိ သရက်ချို(မွတ်ဆလင်)ကျေးရွာမှ ဦးဘူဒါးအာလီ (၅၂)နှစ်၊ မောင်အာဘူလု (၁၃)နှစ်၊ ဦးမော်ကျားအာလီ (၅၆)နှစ်နှင့် ဦးမာဆီဒီး(၃၈)နှစ် တို့ဖြစ်ကြောင်း သိရသည

သူတို့မွတ်ဆလင် ၄ဦးသည် မောင်ညိုကျွန်းရွာနှင့် မနီးမဝေးရှိ သူတို့ပိုင်ဆိုင်သည့် လယ်တလင်းပြင်တွင် တလင်းသိမ်းနေစဥ် ယနေ့ ဒီဇင်ဘာလ ၃၀ရက်၊ မနက်ပိုင်းအချိန်က မြောင်းဘွေရဲစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု ကျေးရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ဆက်သွယ်ပြောကြားသည်။

"မောင်ညိုကျွန်းရွာနဲ့ သရက်ချိုမွတ်ဆလင်ရွာက နီးနီးလေးပါ။ သူတို့(စကစတပ်) တပ်ဆုတ် ထွက်ပြေးတဲ့အခါ အဲ့ဒီ မောင်ညိုကျွန်းရွာနားက စပါးတလင်းသိမ်းနေတဲ့ မွတ်ဆလင် ၄ယောက်ကို ဖမ်းဆီးသွားတာပါ။ ပီပင်ရင်းမွတ်ဆလင်ရွာတွေကိုလည်း သေနတ်နဲ့ ဖြိုပစ်ခဲ့တယ်" ဟု ပြောသည်။

အဆိုပါ ထွက်ပြေးသွားသည့် စစ်ကောင်စီ၏ရဲနှင့်စစ်သားအရေတွက်ကို အတိကျ မသိရသေးသော်လည်း မြောင်းဘွေနှင့် ၁၀မိုင်ခန့် ကွာဝေးသည့်မြောက်ဦးမြို့ဝင်၀ရှိ စစ်ကောင်စီတပ်ရင်းတစ်ခု ဖြစ်သော (၅၄၀)တပ်ရင်းဘက်သို့ ထွက်ပြေးတပ်ဆုတ်သွားသည်ဟု သိရသည်။

မြောင်းဘွေရှိ ရဲစခန်းအမည်ခံ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော်(AA )က ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ရက် နံနက် ၆ နာရီခန့်မှ စ၍ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ ဒီဇင်ဘာ ၃၀ရက် မနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးလက်နက်ချ အညံ့ခံခဲ့သည်ဟုလည်း သိရသည်။(NN-12)

ဓာတ်ပုံ - သိမ်းပိုက်ရရှိသည့် မြောင်းဘွေရဲစခန်း (ပေးပို့)

ဆက်စပ် သတင်းများ