အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် စစ်သားများ လက်နက်ချပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြရန် စာကပ်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၃ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 5.8k

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူကခွင့်လွှတ်စာနာချိန်တွင် လက်နက်ချပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြရန်သတိပေးစာကိုယနေ့မနက်ပိုင်းကကပ်ထားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါသတိပေးစာဆိုင်းဘုတ်တခုကို ဂုံးချွိန်အုပ်စု၊ ကျောက်ဖြူ-ရန်ကုန်လမ်းမကြီးတစ်နေရာတွင် ယနေ့ဖေဖော်ဝါရီ ၃ ရက်မနက်ပိုင်းက ကပ်ထားပြီး စာအောက်ခြေတွင် စကစတပ်ဖွဲ့ဝင်များကိုစာနာသူ တစ်ဦးဟုရေးထားကြောင်း ဒေသခံများက ပြောသည်။

" ဂုံးချွိန်အုပ်စုထဲက ရန်ကုန်-ကျောက်ဖြူလမ်းမကြီးတစ်နေရာမှာ အဲဒီစာကပ်ထားတာပါ။ အရင်နေ့ တွေကတော့  မရှိဘူး။အခုမနက်ပိုင်း လာကပ်ထားခဲ့တာဖြစ်မယ်ထင်တယ်" ဟု ဂုံးချွိန်အုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

သတိပေးစာထဲတွင် စစ်ကောင်စီအဖွဲ့ဝင်များအနေဖြင့် မိမိတို့တိုက်ခိုက်နေသည်မှာ ပြည်သူ အတွက်လား၊ စစ်​ကောင်စီအတွက်လားဆိုသည်ကို စဥ်းစားကြရန် ကနဦးရေးသားထားသည်။

ပြည်သူကိုကာကွယ်ပေးသည့်စစ်သားများမဟုတ်၍ ရောက်ရာအရပ်၌ပြည်သူက ဝမ်းပန်းတသာ မကြိုဆိုခြင်းဖြစ်ကြောင်း၊ စစ်ဆင်ရေးနယ်မြေများတွင် တော်လှန်ရေးအင်အားစုများ၏ သတင်းများအား မည်သည့်ပြည်သူကမှ လိုလိုလားလားမပေးသည်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များအသိဆုံးပင် ဖြစ်ကြောင်းလည်း ရေးသားထားသည်။

" မင်းတို့ရဲ့အသိတရားနှင့် ပြည်သူ့ရင်ခွင်သို့ ဝင်လာပါ။ ပြည်သူနှင့်ပူးပေါင်းပါ။ မင်းတို့နှင့်နီးစပ်ရာ ULA/AA ထံ လက်နက်ချအလင်းဝင်ပြီး ပြည်သူ့တော်လှန်ရေးနှင့် အမြန်ဆုံး ပူးပေါင်းပါ" ဟု ရေးသားထားသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် မိမိနှင့်မိသားစု၏ တန်ဖိုးရှိသည့်အချိန်များအား မင်းအောင်လှိုင်နှင့် အထက်အရာရှိများ စည်းစိမ်ယစ်မူးဖို့ အသက်ပေးနေခြင်းများကို ရပ်တန့်ဖို့နှင့် ပြည်သူက ခွင့်လွှတ် စာနာချိန် ပြည်သူရင်ခွင်အမြန်ဆုံး ခိုလှုံကြဖို့ရေးသားထားသည်။

ထိုသတိပေးစာကို ယနေ့မနက် ၈ နာရီ ၅၀ မိနစ်လောက်က စစ်ကားတစ်စီးဖြင့်လာရောက်သည့် စစ်သားများက ဖြုတ်သိမ်းကာ "အားလုံးကိုပစ်သတ်ပစ်မည်" ဟု ခြိမ်းခြောက်သွားကြောင်း မျက်မြင်ဒေသခံတစ်ဦးကပြောသည်။

" စစ်ကားတစ်စီးနဲ့ စစ်သားတွေလာပြီး အဲဒီစာကိုဖြုတ်သွားပါတယ်။ ပြီးတော့စာကိုကပ်တဲ့ လူရော၊ ဖတ်ကြည့်တဲ့လူတွေပါ အကုန်လုံးပစ်သတ်မယ်လို့ ပြောပါတယ်။ စာကပ်တဲ့လူတွေကိုလည်း မအေနဲ့ကိုင်ပြီးဆဲဆိုသွားကြပါတယ်" ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

ကျောက်ဖြူမြို့နယ် မလကျွန်း ၊ပြင်ရှည်ရွာသစ်နှင့် ကျောက်ဖြူတောင်ကြားရှိ ရေမျက်တွင် စစ်ကောင်စီနဲ့ရက္ခိုင့်တပ်တော်တို့ ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းကတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း ဓညဝတီရေတပ်ဌာနချုပ်နှင့် အမှတ်(၃၂)ဒိုးတန်းတောင်ရဲတပ်ရင်းတို့က လက်နက် ကြီးရမ်းသန်းပစ်ခတ်ခဲ့ရာ ဒေသခံ အနည်းဆုံး(၆)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ဖေဖော်ဝါရီလ ၂ ရက်၊ ည ၆ နာရီလောက်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာဘက်မှ သေနတ်ပစ်ခတ်သံများဆက်တိုက်ကြားရသည့်အတွက် အနီးအနားကျေးရွာများမှဒေသခံများမှာ ဘေးလွတ်ရာကျေးရွာများသို့ထွက်ပြေးတိမ်းရှောင်မှုရှိနေကြောင်း သိရသည်။(NN-23

ဆက်စပ် သတင်းများ