စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

မြောက်ဦးနှင့် မင်းပြားအကြားရှိ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်ဝင်ရောက်တိုက်ခိုက်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေရှိ ရဲစခန်းအမည်ခံ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် (AA )က ထိုးစစ်ဆင်တိုက်ခိုက်၍ ယနေ့မနက်ပိုင်းကစတင်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ဒီဇင်ဘာလ ၂၈ ရက်၊ မနက် ၆ နာရီခန့်ကပင် မြောက်ဦး-မင်းပြားကားလမ်းမဘေးရှိ မြောင်းဘွေ ရဲစခန်းအနီးဝန်းကျင်က လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ကြားခဲ့ရခြင်းဖြစ်ကြောင်း မြောင်းဘွေဒေသခံတစ်ဦးကပြောသည်။

" မြောင်းဘွေရဲစခန်းကို AA ကဝင်တိုက်တာဖြစ်လိမ့်မယ်။ အဲဒီဝန်းကျင်က သေနတ်ပစ်သံတွေ မနက် ၆ နာရီကတည်းက ဆက်တိုက်ကြားခဲ့ရတယ်" ဟု မနက် ၈ နာရီအချိန်ဖုန်းဆက်မေးမြန်းရာ မြောင်းဘွေဒေသခံတစ်ဦးကပြောသည်။

မြောင်းဘွေစခန်းသည် ရဲစခန်းဟု နာမည်ခံထားသော်လည်း စစ်သားများ တပ်စွဲထားသည့် စခန်းတစ်ခုဖြစ်ပြီး တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်လောက်ရှိနိုင်ကြောင်း၊ အဆိုပါစခန်းတွင်လက်နက် ကြီးတပ်လည်းဖွဲ့စည်းထားကြောင်း ဒေသခံများကပြောသည်။

" မြောင်းဘွေစခန်းက စစ်သားတွေကအဓိကတပ်စွဲထားတာ။ အနည်းဆုံးစစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၅၀ ကနေ ၆၀ ဝန်းကျင်ရှိပါတယ်။အဲဒီမှာလက်နက်ကြီးတပ်လည်းဖွဲ့ထားပါတယ်" ဟု မြောင်းဘွေ ဒေသခံတစ်ဦးကပြောသည်။

လက်ရှိရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မြောင်းဘွေရဲစခန်းအနီးဝန်းကျင်တွင် မြောင်းဘွေတိုက်နယ်ဆေးရုံ၊ မြောင်းဘွေအထက်တန်းကျောင်းနှင့် နေအိမ်တချို့ရှိပြီး အများစု ဒေသခံများမှာ တိုက်ပွဲ မဖြစ်ခင်ကပင် ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများကပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားရာနေရာများသို့ မြောက်ဦးမြို့ တပ်ရင်းများနှင့် မင်းပြား၊ ကျိန်းတောင် စစ်ကောင်စီ တပ်တို့က လက်နက်ကြီးဆက်တိုက်ပစ်နေကြောင်း ဒေသခံများကပြောသည်။

မြောက်ဦးမြို့နှင့်မင်းပြားမြို့မှ စစ်ကောင်စီတပ်ရင်းများက ယနေ့မနက်အစောကြီး ၂ နာရီခန့် လောက်ကပင် အဆိုပါနေရာသို့ လက်နက်ကြီးပစ်ခတ်နေခြင်းဖြစ်ပြီး လက်ရှိ ၈ နာရီ ၄၄ မိနစ်အချိန် နိရဉ္စရာက  ဒေသခံများကိုထပ်မံဆက်သွယ်စဥ်လည်း ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့မြောက်ဘက် မြို့အဝင်အထွက် ငွေတောင်ပေါက်မှာ တည်ရှိသည့် သူတော်မတောင် စစ်စခန်းနှင့် မြောက်ဦးခရိုင်ရဲစခန်းတို့ကို ရက္ခိုင့်တပ်တော်က ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းတွင် တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စခန်း ၂ ခုစလုံးကို ဒီဇင်ဘာလ ၂၆ ရက် ညပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ယင်းနေ့ညတွင်သတင်းထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်အနေဖြင့် မိမိတို့သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို အပြီးသတ် သိမ်းပိုက် ရယူနိုင်ရေး ကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိရာ တစ်ဝက်တစ်ပျက် (သို့) အနည်းငယ်သာ ကျန်ရှိနေသည့် စစ်စခန်း၊ ဗျူဟာစခန်းများကို အပြီးသတ် လုံးဝဆက်လက် သိမ်းပိုက်ရယူ နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း ယမန်နေ့ဒီဇင်ဘာလ ၂၇ ရက်က "၁၀၂၇" စစ်ဆင်ရေး ၆၂ ရက်မြောက်စစ်ရေးသတင်းနှင့်အတူ ညီနောင်မဟာမိတ်သုံးဖွဲ့ကထုတ်ပြန်ထားသည်။ (NN-23)

ဆက်စပ် သတင်းများ