တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

သတင်းထောက် ဟောင်း ဖိုးသီဟအား သတ်ဖြတ်မှု တရားမျှတမှု အပြည့်အ၀ ရရန် CPJ တောင်းဆို


  • ရေးသူ: Web Master (NN 20)
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

မြောက်ဦးမြို့မှ သတင်းထောက် ဖိုးသီဟ (ခ) ကိုမြတ်သူထွန်းအား အာဏာသိမ်း စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် အတွက် ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပေးရန်နှင့် တရားမျှတမှု အပြည့်အ၀ ရရန် အမေရိကန်နိုင်ငံ နယူးယောက် အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ/ Committee to Protect Journalists (CPJ) က တောင်းဆိုလိုက်သည်။

မြန်မာ အာဏာပိုင်များသည် သတင်းထောက် ဖိုးသီဟ (ခ) ကိုမြတ်သူထွန်းကို အသတ်ခံရမှုနှင့် ပတ်သက်၍ ယုံကြည်လောက်သော လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ကျူးလွန်သူများအား လျင်မြန်ပြီး တရားမျှတမှု အပြည့်အ၀ ရရှိစေရမည် ဖြစ်ကြောင်း သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက သောကြာနေ့တွင် ပြောကြားခဲ့သည်။

“သတင်းထောက် မြတ်သူထွန်း အသတ်ခံရမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး တာဝန်ရှိ သူတွေကို ဖော်ထုတ် အရေးယူဖို့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုပါတယ်” ဟု CPJ ၏ အကြီးတန်း အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin က ပြောသည်။

သတင်းထောက် ဖိုးသီဟ သည် ရခိုင်ပြည် မြောက်ဦးမြို့ စစ်ကောင်စီတပ်ရင်း ၅၄၀ တပ်ရင်းတွင် မြေမြုပ်သတ်ဖြတ်ခံခဲ့ရသည့်အတွက် ကျူးလွန်သူများအား အရေးယူပေးရန် CPJ က ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“၂၀၂၁ ခုနှစ် ဒီမိုကရေစီ ဆိုင်းငံ့အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် အပြစ်ပေးခံရခြင်း ယဉ်ကျေးမှုသည် နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့ကြောင်း၊ စစ်အစိုးရက သတ်ဖြတ်တာကို ရပ်ပြီး သတင်းထောက်များကို အကာအကွယ်ပေးရမည်ဖြစ်ကြောင်း ”ဟု Shawn Crispin က ပြောသည်။

ဖိုးသီဟအား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရခိုင်ပြည် မြောက်ဦးမြို့ရှိ ၎င်း၏ နေအိမ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက်ကာ ဖမ်းဆီးခဲ့ပြီး ၅၀၅ (က) ပုဒ်မဖြင့် တရားရင်စွဲကာ မြောက်ဦးမြို့မရဲစခန်း၌ ထိန်းသိမ်းခံနေရခြင်းဖြစ်သည်။

သတင်းထုတ်ပြန်ရာတွင် မြောက်ဦးမြို့ အချုပ်ခန်းတွင် သတ်ဖြတ်ခံရသူများမှာ  (၁) လူမှုကွန်ယက်မှ ဟာသပို့စ်များဖြန့်ဝေသူ ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့  (၂) သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ  (၃) ဆီစက်ပိုင်ရှင် ကိုကျော်သိန်းလှိုင်  (၄) ကိုကျော်ဝင်းလှိုင်  (၅) ကိုကိုညွန့်  (၆) ကိုဝင်းနိုင်  (၇) ကိုပြည့်စုံဝင်း နှင့် မင်းပြားမြို့ အချုပ်ခန်းထဲတွင် သတ်ဖြတ်ခံရသူများမှာ (၈) ကိုညီညီအောင် (ခ) အောင်ဇော်ဝင်းနှင့် (၉) ဦးကျော်ညွန့် တို့ ဖြစ်ကြောင်း သိရှိရသည်။

သတင်းထောက် ဖိုးသီဟ (ခ) ကိုမြတ်သူထွန်းသည် DVB၊ 7Day News သတင်းစာနှင့် ပိတ်ပင်ခံထားရသော The Voice သတင်းစာနှင့် ရခိုင်အခြေစိုက် သတင်းဌာနအချို့တို့တွင် ရခိုင်ပြည်သတင်းများကို ရေးသားခဲ့ကြောင်းသိရသည်။

CPJ ၏ နောက်ဆုံးထုတ် Global Impunity Index တွင် မြန်မာနိုင်ငံသည် ဂျာနယ်လစ်များကို သတ်ဖြတ်လေ့ရှိပြီး လူသတ်မှုနှင့် ကင်းကွာလေ့ရှိသည့် နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ အဆင့် သတ်မှတ်ချက်တွင် မြန်မာနိုင်ငံသည် အဆင့် ၉ နေရာတွင် ရှိနေသည်။

CPJ ၏ ၂၀၂၃ စစ်တမ်းအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းထောက်များ၏ ဒုတိယအဆိုးရွားဆုံး အကျဉ်းချသော နိုင်ငံလည်းဖြစ်သည်။ NN-20

ဆက်စပ် သတင်းများ