ကြာသပတေး၊ မေလ ၁၆ရက်၊ ၂၀၂၄

ရခိုင်ရှိ မြို့နယ် တချို့တွင် သောက်သုံးရေ ပြတ်လပ်နေပြီး မသန့်ရှင်းသောရေများကြောင့် စစ်ဘေးရှောင်များနှင့် ပြည်သူတချို့ ယားနာများပေါက်ကာ ဝမ်းပျက်ဝမ်းလျှောရောဂါများ လည်း ဖြစ်ပွားနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 337

နှင်းနွယ်နီ

နိရဉ္စရာ၊ ဧပြီ ၂၉/၂၀၂၄

ရခိုင်ပြည်ရှိ မြို့နယ် တချို့တွင် သောက်သုံးရေ ပြတ်လပ်နေပြီး မသန့်ရှင်းသောရေများကြောင့် စစ်ဘေးရှောင်များနှင့် ပြည်သူတချို့ ယားနာများပေါက်ကာ ဝမ်းပျက်ဝမ်းလျှောရောဂါများ လည်း ဖြစ်ပွားနေကြောင်း သိရသည်။

ပေါက်တောမြို့နယ်၊ မြေငူကျွန်းရှိ ကျေးရွာတစ်ရွာမှ အမျိုးသမီးတစ်ဦးက “ရွာက ရေကန်မှာ ရေတွေလည်းခမ်းနေပြီ။ ရွံ့အနှစ်တွေတောင် မြင်နေရပြီ။ အဲဒီရေကိုချိုးရင် ယားတယ်။ အဖုလေးတွေ ထွက်တယ်။ရာသီဥတုကလည်း တအားပူတယ်။ တခြားရွာတွေမှာလည်း ရေတအားရှားနေကြပြီ” ဟုပြောသည်။

နှစ်စဥ် နွေရာသီရောက်တိုင်း ရခိုင်ရှိ မြိုနယ် တချို့တွင် သောက်သုံးရေ ပြတ်လပ်မှုဒဏ်ကို ခံစားနေရခြင်းဖြစ်ပြီး ယခုနှစ်တွင်မှု ၎င်းဒေသများ၌ စစ်ဘေးရှောင်ပြည်သူများပါ စစ်ရှောင်နေကြသည့်အတွက် ပိုမို ရေရှားပါးမှု ဒဏ်ကို ကြုံနေကြရသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသူ တစ်ဦးက ဆိုသည်။

“အရင်နှစ်တွေတုန်းကလည်း ရေရှားပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ စစ်ဘေးရှောင်တွေက ပိုများလာတော့ရေက ပိုပြီး မလောက်တော့ဘူးပေါ့၊ အဲလိုမျိုးပါ။ အခုလည်း ရေတွေကို တစ်အိမ်ထောင်ကို တစ်ရက်မှာဘယ်လောက်ပဲ ခပ်ခွင့်ရှိတယ်ဆိုပြီး သတ်မှတ်ထားရပါတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီနေသူ တစ်ဦးက ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျောက်ဆိပ်ကျေးရွာနှင့် ယိုးတရုပ်ကျေးရွာကြားရှိ ကျေးရွာများ၌ သောက်သုံးရေရှားပါး၍ ချောင်းရေကို ကန်သို့ တင်ကာ သုံးနေကြရ၍ လူအများစုတွင် ယားနာများဖြစ်နေကြသည်ဟုဒေသခံ အမျိုသမီးတစ်ဦးကပြောသည်။

“ချောင်းရေတွေနဲ့ ကန်ရေတွေရောစပ်ထားလိုက်တော့ အနာလေးတွေဖြစ်ပါတယ်။ ချိုးလိုက်တော့ ခန္ဓာမှာယားနာတွေဖြစ်လာပါတယ်။ အခုက ရွာတိုင်းရွာတိုင်းမှာ ရေပြတ်နေပါတယ်။ ခန္ဓာမှာ ဝဲသီးလေးတွေလို ပေါ်တာတွေလည်း ပေါ်ပါတယ်။ တချို့ဆို မိတ်ဖုလေးတွေလို ပေါ်ပါတယ်” ဟု ဒေသခံ အမျိုသမီးတစ်ဦးကပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျောက်ဆိပ်၊ ‌ယိုးငူ၊ သရက်ချို၊ အောင်ဖြူပြင်၊ ပန်းနီလာ၊ ကြံခင်း၊ တောင်နားရွာ၊ကျင်တလင်း နှင့် ယိုးတရုပ် အစရှိသည့်‌ ကျေးရွာများတွင် သောက်သုံးရေ ပြတ်လပ်မှုဒဏ်ကို ကြုံတွေ့နေကြရခြင်းဖြစ်ပြီး ချောင်းမှတင်ယူထားသည့် ရေများကို သောက်သုံးနေကြရသည့်အတွက် ဝမ်းပျက်ဝမ်းလျှောဖြစ်သူတချို့လည်း ရှိနေသည်ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ ကျမတို့က စစ်ဘေးလာရှောင်နေတာ တစ်လ လောက်ရှိနေပါပြီ။ ရေတွေက မရှိတော့ပါဘူး ကန်မှာ။ အခုက ရေနောက် နေပြီ။ ရေရှားနေပါပြီ။ ကန်ကရေကို သောက်ရပါတယ်။ အဲဒီရေကလည်း အရမ်း နောက်နေပါပြီ။ ဝမ်းလျှောဝမ်းပျက် ဖြစ်နေကြပါတယ်။ နည်းတော့ နည်းပါတယ်။ အသီးလေးတွေလည်း ပေါက်နေကြပါတယ်။ ဝမ်းသွားကြတာလည်း လေး၊ ငါးယောက်လောက်စီ တစ်ဖြတ်ဖြစ်ကြတယ်။ ဆေးတိုက်လိုက်ရင်ပျောက်သွားတယ်။ အဲလိုပါ” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် မြောက်ဦးမြို့ပေါ်တွင် တောင်ဖြူဆည်နှင့် လက်ဆည်ကန်မှ ရေများကို ပေးဝေလျက်ရှိရာ၌တောင်ဖြူဆည်မှ ပေးဝေသော ရေကိုသုံးစွဲနေရသော ရပ်ကွက်တွင် ရေမကောင်း၍ ယားနာများဖြစ်နေကြသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ ‌ရေက တောင်ဖြူဆည်က ပေးတာ။ အဲဒီရေတွေကို ချိုးတော့ ယားနာတွေဖြစ်တယ်။ အဝတ်လျှော်ဖို့လည်းမရဘူး။ ရပ်ရွာထဲမှာ ကန်တွေဆိုရင်လည်း ခမ်းခြောက်လာပြီဆိုတော့ ရေတွေကို ဖြစ်သလို သောက်နေရတယ်။ နွေရာသီကြောင့်ရေလည်း ခမ်းလာပြီဆိုတော့ ရေပိုက်က ဆည်ရဲ့ ကမ်းနားဘက်မှာရှိတော့ ရွံ့အနှစ်တွေပါတယ်။ အဲဒီရွံ့တွေက ရေပိုက်မှာတောင် ဆို့နေတာတွေဖြစ်တယ်။ မကောင်းတဲ့ရေတွေရောက်တော့ ဒါကိုဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ ကွင်းဆင်းပြီးတော့ အထက်လူကြီးတွေ လုပ်ပေးစေချင်တယ်” ဟုမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် မင်းပြားမြို့နယ်ရှိ ကျေးရွာတချို့တွင်လည်း ကန်ရေများ ခမ်းခြောက်ကာ သောက်သုံးရေပြတ်လပ်ခြင်းကို ကြုံတွေ့နေရကြသည့်အတွက်ကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံများ အခက်အခဲဖြစ်နေကြသည်ဟု စစ်ဘေးရှောင်နေသူတစ်ဦးက ဆိုသည်။

“ရေကလည်း ခမ်းတော့မယ်။ ရေကလည်း မသန့်၊ အပူချိန်ကလည်း ပြင်းတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်မှာကို စိုးရိမ်ရတယ်။ တချို့ရွာတွေမှာဆို လုံးဝခမ်းသွားပြီ။ တခြားရွာတွေ အဝေးကြီးကိုသွားပြီး သွားခပ်နေကြရတာတွေ ရှိကြတယ်” ဟု စစ်ဘေးရှောင်နေသူတစ်ဦးက ဆိုသည်။

သံတွဲမြို့မှ ရပ်ကွက်တချို့ကို ရေပေးဝေနေသည့် ဒွါရာဝတီဆည်မှ ရေမှာလည်း ခမ်းခြောက်တော့မည်ဖြစ်သဖြင့် မြို့ခံများ ရေပြတ်လပ်မည်ကို စိုးရိမ်နေကြသည်ဟုလည်း ပြောကြသည်။

ယခုနှစ်တွင် အယ်လ်နီညိုဖြစ်စဥ်ကြောင့် မြန်မာနိုင်ငံတွင် အပူချိန်များ မြင့်တက်လျက်ရှိပြီး မုတ်သုံလေဝင်ရောက်မှု နောက်ကျနိုင်သဖြင့် အပူချိန်များ ဆက်လက်မြင့်တက်နေဦးမည်ဟု မိုးဇလပညာရှင်များက ခန့်မှန်းထားကြသည်။

ထို့သို့ အပူချိန်များ ဆက်လက်မြင့်တက်နေပါက ရခိုင်ရှိ မြို့နယ်အများအပြား၌ မေလလယ်ပိုင်းခန့် ရောက်လျှင် ရေပြတ်လပ်မှုဒဏ်များကို ကြုံတွေ့နိုင်ကာ ရေမသန့်ရှင်းသောကြောင့် ဝမ်းရောဂါများနှင့် ယားနာများပို၍ဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

ဓာတ်ပုံ -  ပုံဟောင်း

ဆက်စပ် သတင်းများ