တနင်္လာ၊ ဇွန်လ ၁၇ရက်၊ ၂၀၂၄

ပြည်ပသတင်းမီဒီယာအချို့၏ ရခိုင်သတင်းဓါတ်ပုံအမှားများကြောင့် ရခိုင်အရေးကို ပိုမိုဆိုးရွားသွားစေဟု ရခိုင်အရေးလေ့လာသုံးသပ်သူများဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.8k

အိမ်စိုးဖြူ

နိရဉ္စရာ၊ မေ ၂၄/ ၂ဝ၂၄

ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာများတွင် သတင်းဓာတ်ပုံအမှားများ ထုတ်လွှင့်ခဲ့မှုကြောင့် ရခိုင်အရေးကို ပိုမိုဆိုးရွားသွားစေခဲ့သည်ဟု ရခိုင်အရေးလေ့လာစောင့်ကြည့်နေသူများက ဆိုသည်။

လွန်ခဲ့သည့် မေလ ၁၇ ရက်က ဘူးသီးတောင်မြို့နယ်တွင် အာရက္ခတပ်တော်(AA )က မီးရှို့မှု ပြုလုပ်ခဲ့ကြောင်း သတင်းဓာတ်ပုံအမှားဖြင့် ပြည်ပမီဒီယာအချို့က စွပ်စွဲ ရေးသားဖော်ပြခဲ့ရာ ရခိုင်အရေးကို ပိုမိုဆိုးဝါးစေခဲ့ကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။

ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “ အခုဖြစ်တဲ့ ဖြစ်စဉ်မှာ ULA/AA ဘက်ကို ပိုပြီး ဖိပြီးတိုက်ခိုက်ချင်သလို၊ အပုတ်ချ ဖိအားပေးချင်သလို ပါနေတယ်။ ကမ္ဘာ့မီဒီယာတွေကလည်း ဒီလိုသဘောဆောင်တယ်။ နောက်ပြီး အဖွဲ့အစည်းအများစုက  ၁၉၅ ဖွဲ့ကလည်း ကြေညာချက်ထုတ်ပြီးလုပ်လာတယ်။ တစ်နည်းအားဖြင့်အောက်ခြေမှာ အခြေအနေက တိတိကျကျသိနိုင်ဖို့ မလွယ်တဲ့အခြေအနေမျိုးမှာ ၁၉၅ ဖွဲ့က တပြိုင်နက်အသံထွက်လာတယ်ဆိုတာက ဒါကတော့တွေးကြည့်ရင် ဘာကြောင့်ဆိုတာကိုသိနိုင်တယ်။ အဲဒီအဖွဲ့ထဲမှာ မကြားဖူးတဲ့အဖွဲ့တွေလည်းပါတယ်။ သို့သော်အချိန်တိုအတွင်းတစ်ရက်နှစ်ရက်အတွင်းမှာ တခါတည်းနဲ့ ဒီသတင်းတွေဟာ တိကျသလိုမျိုး၊ မှန်ကန်သလိုမျိုးပြိုင်တူအော်ကြတယ်ဆိုတာမျိုးက ဒါကသံသယဖြစ်စရာဖြစ်တယ်။” ဟုပြောသည်။

ထို့ပြင် သတင်းသမားများအနေဖြင့် မြေပြင်အခြေအနေကို တိတိကျကျ သိမှသာ သတင်းရေးသားဖော်ပြသင့်သည်ဟု သူက ပြောဆိုခဲ့သည်။

“ဒီသတင်းအမှား၊ ဓာတ်ပုံအမှားတွေနဲ့ ပတ်သက်လို့ ULA/AA က အဓိက တာဝန်ရှိသလိုလို၊ သူတို့ကိုယ်တိုင်ကျူးလွန်သလိုလို ကိစ္စတွေပေါ့။ အထူးသဖြင့် ပြည်ပမီဒီယာတွေက လုပ်လာတယ်။ အဓိကက အောက်ခြေမြေပြင်အနေနဲ့ သတင်းအချက်အလက်တွေကို ဒီအချိန်မှာ စုံစမ်းလို့ရဖို့က ခက်ခဲနေတယ်။ ဒါပေမယ့် သတင်းသမားတစ်ဦးဆိုတာကတော့ တက်နိုင်သလောက်သတင်းအမှန်ကို ဖော်ပြပေးရမယ်။ အောက်ခြေရဲ့အခြေအနေကို တိတိကျကျမသိဘဲနဲ့ သတင်းကိုဖြစ်စေ၊ ဓာတ်ပုံကိုဖြစ်စေ တိတိကျကျမသိဘဲ သတင်းဌာနတွေက လုပ်လိုက်တာက သူတို့ဖြစ်စေချင်သလိုမျိုး လော်ဘီလုပ်တာနဲ့တူသွားတယ်ပေါ့။” ဟု ၎င်းကဆက်ပြောသည်။

လွန်ခဲ့သည့် မေ ၁၈ ရက်နေ့က RFA Burmese မှ ဖော်ပြခဲ့သည့် “ ဘူးသီးတောင်မြို့တွင် နှစ်ဖက်တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ ၃ဝ ခန့်သေဆုံး” ဟုဆိုသည့် သတင်းတွင် ချင်းပြည်နယ်မင်းတပ်မြို့ရှိဝမ္မသူးဆေးရုံမီးလောင်နေသည့်ပုံကို အသုံးပြုထားခဲ့ပြီး DVB အင်္ဂလိပ်ဝက်ဆိုက်တွင်ဖော်ပြသည့် ဘူးသီးတောင်မြို့မီးလောင်သတင်းနှစ်ပုဒ်တွင် စနဲ မြို့တွင် မီးလောင်ခဲ့သည့် သတင်းဓာတ်ပုံကို သုံးစွဲဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ပြင် BBC သတင်းဌာနကလည်း “ မီးရှို့ခံရလို့ တမြို့လုံးနီးပါး မီးလောင်သွားတဲ့ ဘူးသီးတောင်” ဟုဆိုသည့် မေလ ၁၈ ရက်နေ့ကသတင်းတစ်ပုဒ်တွင် အဆိုပါ ဝမ္မသူးဆေးရုံမီးလောင်ပုံဖြင့်ပင် မှားယွင်းစွာအသုံးပြုဖော်ပြခဲ့ပြန်သည်။ အချိန် ၆ နာရီကြာမှ အဆိုပါ ဓာတ်ပုံကို ဘီဘီစီက ဖြုတ်ချခဲ့သော်လည်း ၎င်းဓာတ်ပုံမှာ ကမ္ဘာသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။



ယင်းနောက်တွင် ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်၏ လူမှု့ကွန်ရက်ဖေ့စဘုတ်စာမျက်နှာ၌ အဆိုပါသတင်းများကို ထပ်ဆင့် ဖြန်ဝေခဲ့ပြန်ရာ  အခြေအနေမှာ ပို၍ ဆိုးရွားခဲ့သည်ဟု ဆိုသည်။

မေလ ၂၃ ရက်နေ့တွင်  မြန်မာနိုင်ငံလုံးဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရားအကြီးအကဲ Nicholas Koumjian (United Nations)က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်မတော်တို့၏ ပြင်းထန်သောတိုက်ခိုက်မှုများအကြောင်း သတင်းပေးပို့ချက်များစွာကို လေ့လာနေကြောင်း၊ ယင်းတို့အနက် ဘူးသီးတောင်မြို့နယ်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့် အိုးအိမ်များကို မီးရှို့ဖျက်ဆီးမှုကြောင့် ထောင်နှင့်ချီသော မွတ်ဆလင်အရပ်သားများ နေရပ်မှ ရွှေ့ပြောင်းရခြင်းနှင့်ဆက်စပ်သည့် ပေးပို့ချက်များပါဝင်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ 

အဆိုပါသတင်းဓာတ်ပုံများ မှားယွင်းစွာဖော်ပြခြင်းနှင့်ပတ်သက်၍ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ဥက္ကဌ နန်ဖော့ဂေက သတင်းသမားများအနေဖြင့် ယခုကာလတွင် မြေပြင်သတင်းဓာတ်ပုံ ရယူရာတွင် အခက်အခဲများရှိနေပြီး နီးစပ်ရာပုံများကို ရယူရာတွင် ဖြစ်စဉ်နေရာနှင့် ဖြစ်စဉ် ကွဲလွဲနေတာမျိုး မဖြစ်ဖို့တော့လိုကြောင်း ပြောဆိုခဲ့သည်။

“ဒီကာလက မြေပြင်မှာ သတင်းဓာတ်ပုံ၊ ရုပ်ကဒ်ရယူမှုတွေက အခက်အခဲကြီးမားပါတယ်။ ဒီအပေါ်မှာ ကိုယ့်သတင်းအတွက် သတင်းဓာတ်ပုံအသုံးပြုနိုင်ဖို့ နီးစပ်ရာပုံတွေ ရယူဖော်ပြနေတာမျိုးမှာ ဖြစ်စဉ်နေရာနဲ့ ဖြစ်စဉ်ရက်စွဲနဲ့ ကွဲလွှဲနေတာမျိုး မဖြစ်ဖို့တော့လိုပါတယ်” ဟုပြောသည်။


(ချင်းပြည်နယ် မင်းတပ်မြို့ ၀မ္မသူးဆေးရုံ စစ်တပ်က ဗုံးကြဲ၍ မီးလောင်နေသည့်ပုံကို အေအေ ရိုဟင်ဂျာရွာများကို မီးရှို့နေသည်ဟု ထုတ်လွင့်ခဲ့သည့်ပုံ)

ဆက်စပ် သတင်းများ