သောကြာ၊ ဇွန်လ ၂၁ရက်၊ ၂၀၂၄

မောင်တောမြို့ပတ်လည် စစ်ကောင်စီမှ မြေမြှုပ်မိုင်းနှင့်‌ ရေမြှုပ်မိုင်းများထောင်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

နောင်မင်းသူ၊ နိရဉ္စရာ၊ဇွန် ၁၅/၂၀၂၄

မောင်တောမြို့နယ်အတွင်းရှိ စစ်စခန်းအများအပြားကို အာရက္ခတပ်တော် ( AA) က သိမ်းပိုက် လိုက်ပြီးနောက် အာရက္ခတပ်တော်မှ မြို့ထဲသို့ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းတလျှောက်တွင် စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းနှင့်‌ ရေမြှုပ်မိုင်းများကို ထောင်နေကြောင်း ဒေသခံများက တဆင့်သိရသည်။ 

မောင်တောဒေသခံ မွတ်ဆလင်တစ်ဦးက " ကျွန်တော်တို့သိရသလောက်ဆိုယင်‌ မောင်တောမြို့ထဲကို ဝင်လာနိုင်တဲ့ လမ်းတွေ၊ ချောင်းတွေ၊ လယ်ကွင်းပြင်တွေ၊ ‌ ပုဇွန်ကန်ကမ်းသားဘောင်တွေ နဲ့ တံတားတွေကို အဓိကထားပြီး မြေမြှုပ်မိုင်း နဲ့ ရေမြုပ်မိုင်းတွေ အမြောက်အများ ထောင်ထား ကြတယ်လို့ သိရတယ်"ဟု ပြောကြားသည်။

စစ်ကောင်စီ မြေမြှပ်မိုင်းထောင်ထားသည့်‌ နေရာများမှာ မြို့၏မြောက်ဖက်ရှိ လဘော်ဇား၊ ပေါင်းဇား၊ ဂွမ်ညှာနှင့်  မြို့အရှေ့ဖက်ရှိ သီဟိုလ်၊ ဟာဘီ၊ ဆားခုံဘုတ်၊ ဧတေလီယာ၊ ဟာရီတုလာ၊ ဇူလနှင့် တောင်ဖက်ရှိ‌ ဝေသာလီ(ရခိုင်)၊  ခမြိုင်(ရခိုင်)၊ ညောင်ချောင်း၊ ပန်းတောပြင်၊ မကျည်းချောင်း၊  ကညင်တန်း၊ မောင်နီစသည့် မွတ်ဆလင်ကျေးရွာများ၏ လယ်ကွင်းပြင်များ၊‌ ချောင်းငယ်များ၊ ပုဇွန်ကန် ကမ်းသားဘောင်များ၊ လူသွားလမ်းများတံတားငယ်များ၌ စစ်‌‌ကောင်စီမှမိုင်းများစွာ ထောင်ထားကြောင်း မျက်မြင်ဒေသခံမျာထံမှသိရသည်။

“အခုက ဒေသခံပြည်သူတွေအတွက် အကြီးအကျယ် အန္တရာယ်ရှိနေပါတယ်။ မိုင်းတွေက နေရာအနှံ့ ထောင်ထားတယ်ဆိုတော့ အိမ်ပြင်ထွက် သွားလာဖို့တောင် မလွယ်ဘူး။ စစ်ဘေးရှောင် သွားလာဖို့လည်း အခက်အခဲဖြစ်နေပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

ကညင်ချောင်း၊ရွှေဇားချောင်းတစ်‌ လျှောက် နှင့် စစ်ကောင်စီမိုင်းခွဲဖျက်ဆီးထားတဲ့ လဘော်ဇားတံတား‌ ချောင်းမှ ဧတေလီယာကျေးရွာရှိ ဟိန္ဒူ‌ကျေးရွာအထိ စစ်တပ်မှရေမြှပ်မိုင်း‌ များထောင်ထားသလို ပန်းတောပြင်‌၊ ကညင်တန်း၊ မောင်နီစသည် ချောင်းများတစ်လျှောက်တွင်လည်းရေ မြှုပ်မိုင်းများစွာ ထောင်ထားကြကြောင်း ဒေသခံများက ပြောဆိုသည်။

"အေအေထိုးစစ်က ပဒင်းအထိရောက်လာတော့ မနေ့က မကျည်းချောင်းဖက်နဲ့ မောင်နီရွာ ချောင်း တစ်လျှောက်မှာ ရေမြှပ်မိုင်း‌တွေကို စစ်တပ်ကထောင်နေတာတွေ့ရတယ်။ ယခင်ကလည်း မြို့ဝင်တံတား‌ ချောင်း၊ ကညင်တန်းချောင်း နဲ့ ပန်းတောပြင်တံတားချောင်းတစ်လျှောက်မှာ မိုင်းတွေ အများကြီး ထောင်ထားကြတယ်"ဟု ပြောဆိုသည်။

မောင်တော-အလယ်သံကျော်နယ်‌မြေစခန်း၊ နားခေါင်းတိုနှင့်ပဒင်း စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက်  မြို့ပေါ်သို့ဝင်လာနိုင်သည့် ကမ်းစပ်များ၊ ပုဇွန်ကန်များနှင့်လယ်ကွင်းပြင်များ၊ လူသွားလမ်းများ၌ စစ်ကောင်စီတပ်မှ မြေမြှုပ်မိုင်း၊ ရေမြှုပ်မိုင်းများ ထောင်နှင့်ချီပြီး ထောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!