တနင်္ဂနွေ၊ ဇွန်လ ၃၀ရက်၊ ၂၀၂၄

သံတွဲမြို့ မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သေနတ်ပစ်ဖောက်ပြီး တိုက်ပွဲဖြစ်သယောင် ဟန်ဆောင်ကာ စခန်းကထွက်ပြေးသွားကြဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 4k

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၂၅ ရက်/၂၀၂၄

ရခိုင်ပြည် သံတွဲမြို့၊ မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တိုက်ပွဲ ဖြစ်ဟန်ဆောင်ပြီး သေနတ်များ ပစ်ဖောက်ကာ စခန်းကို စွန့်ခွာထွက်ပြေးသွားကြသဖြင့် အာရက္ခတပ်တော် (AA) မှ လိုက်လံ ဖမ်းဆီးနေရသည်ဟု သတင်းရရှိသည်။

သံတွဲမြို့ခံတစ်ဦးက “ အလံဖြူထောင်တာလဲမဟုတ်ဘူး။  ရဲတွေက ကိုယ့်ဟာသေနတ်ဖောက်ပြီး တိုက်ပွဲ ဖြစ်ဟန်ဆောင်တယ်။ ထွက်ပြေးရကောင်းအောင်လုပ်တာ။ မနေ့က ၂၄ ရက်နေ့မနက် ပိုင်းက သေနတ် စဖောက်တာ။ အရပ်ဝတ်တွေနဲ့ ထွက်ပြေးသွားကြတာ။ ကားပါငှားပြီးထွက်ပြေးတယ်။ စစ်တပ်ဆီမှာ တိုက်ပွဲဖြစ်တယ်လို့ ပြရကောင်းအောင် လုပ်တာပေါ့။ အခုအေအေက လိုက်ဖမ်း နေတယ်။ အခု စခန်းမှာ ရဲတစ်ယောက်မှ တစ်ယောက်မှမရှိတော့ဘူး။ ဒီနေ့မနက်က ကျွန်တော် ကိုယ်တိုင် စခန်းရှေ့က ဖြတ်လာခဲ့တာပါ၊ မြို့ထဲမှာ စစ်တပ်ရော ရဲရော မရှိတော့ဘူး” ဟု ပြောသည်။

ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် အာရက္ခတပ်တော်က မြို့အနှံ့ လိုက်လံ ဖမ်းဆီးနေပြီး တချို့လည်း အဖမ်းခံရသည်ဟု သံတွဲအမြို့ခံများထံမှ သိရသည်။

သံတွဲမြို့ ရဲစခန်းလိုင်းခန်းမှ ရဲတပ်ဖွဲ့ဝင် မိသားစုများသည် ဇွန်လ ပထမအပတ်ကတည်း ရဲလိုင်းတန်းများတွင် မနေတော့ဘဲ  မြို့ပေါ် ရပ်ကွက်များရှိ နေအိမ်များကို ငှားရမ်း နေထိုင်လျက်ရှိသည်ဟု သိရသည်။

ရဲတချို့သာရဲစခန်းတွင် လာရောက်ကြကြောင်း၊ တချို့မှာ ခွင့်မဲ့ပျက်ကွက်နေကြောင်း၊ တချို့မှ ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ရှိ ရဲစခန်းအချုပ်တွင်လည်း ချုပ်နှောင်ထားသူ မရှိတော့ကြောင်း ရဲစခန်းနှင့် နီးစပ်သူတို့ထံမှသိရသည်။

အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့ပေါ်တွင် နံနက် ၁၀ နာရီ ဝန်းကျင်မှ စတင်ကာ သေနတ်ပစ်ခတ်သံအချို့ ကြားရပြီးနောက် ရဲများ အရပ်ဝတ်များဖြင့် စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့ကြသည်ဟု  ကိုယ်တွေ့ကြုံခဲ့ရသည့် ဒေသခံများထံမှ သတင်းရရှိသည်။

အာရက္ခတပ်တော်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သံတွဲရဲစခန်းမှ ရဲများ စခန်းစွန့်ခွာထွက်ပြေးခါနီး သေနတ်များ ပစ်ဖောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိသားစုဝင်လည်း ရဲလိုင်းခန်းတွင် မရှိတော့ကြောင်း ရဲစခန်းနှင့် နီးစပ်သူတဦးထံမှ သိရှိရသည်။

ထို့ပြင် သံတွဲမြို့၏ တောင်ဘက်သို့ ထွက်ခွာရာလမ်းတလျှောက်တွင်လည်း အရပ်ဝတ်နှင့် လက်နက်ကိုင်ထားသည့် ရဲများက ကားများ၊ ဆိုင်ကယ်များဖြင့် သံတွဲမြို့မှ ထွက်ခွာလာကြသည်ကို မြင်တွေ့ရကြောင်း မြို့ခံများကဆိုသည်။

ထိုအပြင် သံတွဲမြို့မှ ရွှေကျောင်းပြင်ရွာအထွက်ရှိ နံတော်တောင်ဘုရားကုန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်ပိတ်မိနေသည်ဟု ဒေသခံ တစ်ဦးက‌‌ပြောသည်။

“မနေ့က နံတော်တောင်ပေါ်ပိတ်မိနေတဲ့ စစ်သားတွေ တောင်အောက်ကို ရမ်းသမ်းပစ်နေတယ်၊ အေအေက တောင်ပတ်လည်ကိုဝိုင်းထားပြီ။ စစ်သား ၅၀ ကျော်ပိတ်မိနေတယ်။ မြို့ထဲမှာလည်း ရဲတွေကို အေအေက လိုက်ဖမ်းနေတယ်။ သံတွဲမြို့ကို သိမ်းစရာမလိုပဲ ကျသွားပါပြီ” ဟု နောက်ထပ် ဒေသခံတစ်ဦးကပြောသည်။

သံတွဲမြို့၏ အပြင်ဘက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် မြို့နှင့် တဖြည်းဖြည်းနီးကပ်လာနေပြီး ဒေသခံများလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လျှက်ရှိရာမြို့ပေါ်တွင်လူ အနည်းငယ်သာရှိတော့ကြောင်း သိရသည်

ဇွန်လ ၂၄ရက်နေ့တွင် သံတွဲမြို့ပေါ်၊ အနော်ရထာလမ်းရှိ လူနေအိမ်တလုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ခဲ့သည်။

ဓာတ်ပုံ-ကောင်လေး (သံတွဲမြို့ ယနေ့မြင်ကွင်း)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!