တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

သံတွဲ ခလရ (၅၅) တိုက်ပွဲတွင် စစ်ကူပို့ခံရသည့် စစ်မှုထမ်းတပ်သားသစ် ထက်ဝက်ခန့်နှင့် စစ်သားအများအပြား သေဆုံးကုန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 3.2k

(ကျန်အောက်ခြေရဲဘော်များ အလံဖြူထောင်ချင်​နေဟုဆို)

နိရဉ္စရာ၊ ဇူလိုင် ၇/၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့၊ ငပလီအခြေစိုက် ခလရ (၅၅) အား အာရက္ခတပ်တော်(AA) က ထိုးစစ်ဆင်နေရာ အဆိုပါ တပ်ရင်းသို့ ပို့ဆောင်ခံရသည့် စစ်မှုထမ်း စုဆောင်းခံရသူ သင်တန်းသားသစ် တစ်ဝက်ခန့် နှင့် စစ်သားအများအပြား သေဆုံးကုန်ပြီဖြစ်သဖြင့် တပ်သားသစ်များ အနေဖြင့် အလံဖြူထောင် လက်နက် ချလိုကြသည်ဟု သင်တန်းသားသစ် ညီမဖြစ်သူ တစ်ဦးက ဆက်သွယ် ပြောကြားသည်။

“ အဲဒီမှာ ညီမအစ်ကိုပါနေလို့။ သူ (အစ်ကို) ဖုန်းဆက်လာတယ်။ သူတို့စစ်သားစုဆောင်းရေးနဲ့ ပါသွားတဲ့ သင်တန်းသားတစ်ဝက်နဲ့  အဲဒီ ခလရ ၅၅ ကို ပို့ပီးတိုက်ခိုင်းတဲ့ အရင်ကစစ်သားတွေ ကျကုန်လို့။ သူတို့လေးတွေ အလံဖြူထောင်ချင်တယ်တဲ့။ နောက်က ဗိုလ်တွေရှိနေတော့ မထောင်တတ်ဘူးတဲ့။ ကျန်ဗိုလ်တွေကျ စက်လှေနဲ့ ဟိုဘက်ကို ကူးကုန်ပြီတဲ့။ AA ကို ပြောပေးပါအုန်း။ သူတို့လေးတွေ အလံဖြူထောင်ချင်လို့တဲ့” ဟု ပြောဆိုသည်။

၎င်းပြင် ခလရ (၅၅) မှ အရာရှိများမှာ AA ၏ ထိုးစစ်ကို မခံနိုင်၍ တပ်ဆုတ်ပြေးနေပြီဟုလည်း သူမက ပြောဆိုသည်။

“ ခလရ ၅၅ က စစ်ကောင်စီတပ်သားတွေ AA ထိုးစစ်မခံနိုင်လို့ တပ်ဆုတ်ပြေးနေပြီ။ ငပလီကမ်းခြေ ဂျိတ္တောရွာထဲမှာ ခံစစ်ပြင်ပြီး သဗြုချိုင်ကို ဆုတ်ခွာနေကြတယ်။   အဲဒီငပလီကမ်းခြေ ဂျိတ္တောရွာထဲက  ရပ်ကွက်အသီးသီက မဝင်ချင်ဘဲ မဲပေါက်လို့ ဝင်လိုက်ရတဲ့ စစ်သားတွေရှိတယ်။ အဲဒါ အေအေကို  ပြောပေးပါလား။” 

ခလရ (၅၅) ဟာ သံတွဲအခြေစိုက်တပ်ရင်းဖြစ်ပြီး လက်ရှိမှာ တစ်ခုတည်းသော ကျန်ရှိနေသည့် လက်ကျန်တပ်ရင်းဖြစ်ပြီး အာရက္ခတပ်တော်က  ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေသလို ထွက်ပြေး လွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများကိုလည်း လိုက်လံချေမှုန်းလျက် ရှိနေကြောင်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခလရ (၅၅) နှင့် အတူ (၁၀၁) တပ်မလက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခလရ (၂၅၂) တပ်ရင်းနှင့် အခြားအမည်မသိသေးသော တပ်ရင်းအချို့တို့က  စုပေါင်းပြီး ခလရ (၅၅) တပ်ရင်းနှင့် ၎င်းပတ်ဝန်းကျင် အနီးမှ ခုခံတိုက်ခိုက်လျက်ရှိနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (ဓာတ်ပုံ - RFA)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!