အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ရခိုင်က​မြို့နယ်အချို့တွင် လူနေအိမ်များ ဖောက်ထွင်းခံရမှုပိုများပြားလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 868

ဆလိုင်းမိုးအောင်၊ စောရှင်မေ၊ နိရဉ္စရာ၊ သြဂုတ် ၂၃/ ၂၀၂၄

ရခိုင်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားသည့် သံတွဲနှင့် ဂွမြို့နယ်အပါအဝင် စစ်ကောင်စီတပ်ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေနှင့် တောင်ကုတ်မြို့နယ်တို့တွင် စစ်ရှောင်နေသည့် လူနေအိမ်အများအပြား ဖောက်ထွင်းခံရမှု ပိုများပြားလာနေကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်မှစတင်ကာ တိုက်ပွဲပြင်းထန်နေသည့် ဂွမြို့နယ်မှ ဒေသခံများမှာ ဧရာဝတီတိုင်းဘက်နှင့် တခြားဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရပြီး လူမနေတော့သည့်နေအိမ်များ ဖောက်ထွင်းခံနေရခြင်းဖြစ်သည်ဟု သိရသည်။

ဩဂုတ်လ ဒုတိယအပတ်ကလည်း ဂွမြို့နယ်၊ ကြွေချိုင်ရွာတွင် အုပ်ချုပ်ရေးမှူးအိမ်အပါအဝင် အိမ် ၂ လုံး ဖောက်ထွင်းခံခဲ့ရကြောင်း သိရသည်။

အလားတူ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာတွင်လည်း ပြီးခဲ့သည့်ဩဂုတ်လ ၂၁ ရက်ကလည်း နေအိမ် ၄ လုံးဖောက်ထွင်းခံရကာ နေအိမ်ရှိပစ္စည်းများ ခိုးယူခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အခုက ရွာတွေမှာ လူတွေက အနည်းအကျဥ်းလောက်ပဲ ရှိတော့တယ်လေ။ ပိုက်ဆံရှိတဲ့သူတွေဆို အကုန်စစ်ဘေးရှောင်သွားကြပြီပေါ့။ လုံးဝ ထွက်ပြေးဖို့ မတတ်နိုင်တဲ့သူတွေကသာ ကျန်ခဲ့တာ။ အဲ့တော့ ရောင်းချသူတွေလည်း မရှိဘူး။ သူတို့ကိုယ်တိုင်လည်း လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေကြတော့ ရှိတဲ့အိမ်တွေက ဖောက်ထွင်းခိုးကြတာပေါ့ "ဟုပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေ၍ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ကာ စစ်ရှောင်နေကြသည့် တောင်ကုတ်မြို့ပေါ်ရပ်ကွက်များအပြင် မီးကျောင်းထိုးကျေးရွာ၊ နတ်မော်ကျေးရွာ၊ ဝေကြီးကျေးရွာနှင့် ၀က်ကျိတ် ကျေးရွာ စသည့် ကျေးရွာများမှ နေအိမ်များမှာလည်း ဖောက်ထွင်းခံနေရသည်ဟု သိရသည်။

တောင်ကုတ်မြို့ခံတစ်ဦးက "ရပ်ကွက်ထဲမှာ ဆိုင်ကယ်၊ စက်ဘီးပျောက်တယ်။ လူမရှိတဲ့အိမ်တွေဖောက်ခံရတယ်။ လူရှိတဲ့ အိမ်လည်း ခိုးခံရနဲ့ ဆိုးသထက်ဆိုးလာတယ်။ လူမရှိတဲ့အိမ်ကိုဝင်ဖောက်နေမှန်းသိဟာတောင် ဘေးအိမ်ကလူတွေက မပြောရဲ။ ဟိုမှာကအုပ်စုလိုက်လာတာ။ ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်မြို့တည်ငြိမ်အေးချမ်းချင်ရင်တော့ ဒီတိုင်းကြည့်နေလို့တော့မရ။ လုံခြုံရေးအတွက် တစ်ခုခုလုပ်သင့်တယ်။ ရပ်ကွက်အလိုက် လုံခြုံရေးကင်းလှည့်ဖို့လိုအပ်တယ်" ဟု ပြောသည်။



အလားတူ တိုက်ပွဲကြောင့် မြို့လုံးကျွတ်စစ်ဘေးရှောင်နေကြရသည့် သံတွဲမြို့တွင်လည်း အုပ်စုဖွဲ့ကာ လူနေအိမ်များမှ ပစ္စည်းများ ခိုးယူဖောက်ထွင်းနေကြသည်ဟုလည်း သိရသည်။

ထို့အတူ တိုက်ပွဲမဖြစ်ပွားသေးသည့် စစ်တွေမြို့တွင်လည်း တိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်၍ မြို့ခံအများစုမှာ နေရပ်အိုးအိမ်ကိုစွန့်ခွာကာ ဘေးလွတ်ကင်းရာနေရာများ၌ စစ်ဘေးရှောင်နေကြသည်။

ထိုသို့ယာယီစစ်ဘေးရှောင်နေကြ၍ နေထိုင်သူမရှိတော့သည့်လူနေအိမ်များမှ အိမ်အသုံးအဆောင် ပရိဘောဂများနှင့် ခြံစည်းရိုးသံဆန်ကာများမှအစ ခိုးယူဖောက်ထွင်းခံနေရသည်ဟု ပစ္စည်းများခိုးယူဖောက်ထွင်းခံလိုက်ရသူတစ်ဦးက ပြောသည်။

"အိမ်အခြေအနေသိချင်လို့ စစ်တွေမှာကျန်နေသေးတဲ့ မိတ်ဆွေတစ်ယောက်ကို ဖုန်းဆက်မေးလိုက်တာ။ သော့ခတ်ထားခဲ့တဲ့အိမ်က ဖောက်ထွင်းခံလိုက်ရတယ်။ သော့ခတ်ထားခဲ့တဲ့ သော့ခလောက်တွေကိုဖျက်ပြီး အိမ်ထဲက အိမ်တွင်းအသုံးအဆောင်ပစ္စည်းတွေ ဖောက်ထွင်းခံလိုက်ရတယ်ပြောတယ်။ အရေးကြီးတဲ့ပစ္စည်းတွေကို ကိုယ်နဲ့အတူယူလာလို့ ပါမသွားပေမဲ့ အိမ်ကပစ္စည်းတွေခိုးယူဖောက်ထွင်းခံနေရတော့ စိတ်မကောင်းဖြစ်နေရတယ်" ဟု ပြောသည်။

၎င်းအပြင် အာရက္ခတပ်တော်(AA)၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့တို့တွင်လည်း စစ်ဘေးရှောင်နေ၍ လူမရှိတော့သည့်အိမ်များမှ ပစ္စည်းများနှင့် အိမ်တွင်းအသုံးအဆောင်ပစ္စည်းများကို တိုက်ပွဲဖြစ်နေစဉ်နှင့် တိုက်ပွဲဖြစ်ပွားပြီးစတွင် နေ့ရောညပါ ခိုးယူဖောက်ထွင်းခံရမှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ULA/AA က ထိထိရောက်ရောက် အရေးယူဆောင်ရွက်လာသဖြင့် ဖောက်ထွင်းမှုများ လျော့ကျသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

လူမရှိတော့သည့်နေအိမ်များမှ ပစ္စည်းများ ခိုးယူဖောက်ထွင်းခံနေရသည့်အတွက် သက်ဆိုင်ရာနှစ်ဖက်တာဝန်ရှိသူအာဏာပိုင်များက ထိရောက်စွာအရေးယူဆောင်ရွက်သင့်သည်ဟု ယာယီနေရပ်စွန့်ခွာရှောင်တိမ်းနေရသူများက ပြောဆိုနေကြသည်။

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!