- Web Master
- ၀၅ သြဂုတ် ၂၀၂၃
(လှေပေါ်ပါသူများအချိန်မီကယ်ဆယ်နိုင်ခဲ့)
လိုင်းဆွဲနေသည့် ဖိုင်ဘာစက်လှေတစ်စီး ယနေ့နေ့လယ်က ရသေ့တောင်မြို့ ဆိပ်ကမ်းအနီး နစ်မြုပ်ခဲ့ပြီး လှေပေါ်ပါလာသူများအားလုံးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့ကြောင်းသတင်းရရှိသည်။အဆိုပါစက်လှေမှာ နွားတင်းကုပ်ကျေးရွာမှ ရသေ့တောင်မြို့သို့ ယနေ့ မနက်ပိုင်းက ရောက်ရှိလာပြီး နေ့လယ် ၂ နာရီဝန်းကျင်တွင် ခရီးသည်များနှင့် ကုန်ပစ္စည်းများတင်ကာ ဆိပ်ကမ်းမှပြန်ထွက်ခွာစဥ် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်မြို့ခံ အမျိုးသမီးငယ်တစ်ဦးကပြောသည်။
" စက်လှေက နွားတင်းကုပ်ရွာကစက်လှေလို့ပြောပါတယ်။ လှေပေါ်ပါတဲ့သူတွေတော့ ဘာမှ မဖြစ်ကြပါဘူး။အချိန်မီ ကယ်နိုင်လိုက်ပါတယ်။ကုန်ပစ္စည်းတွေတော့အကုန်ဆုံးရှုံးသွားတယ်လို့သိရပါတယ်" ဟု သူမကပြောသည်။
စက်လှေနစ်မြုပ်သည်နှင့် ရသေ့တောင်မြို့ဆိပ်ကမ်းအလုပ်သမားများက ဝိုင်းဝန်းကယ်ဆယ်ခဲ့ကြသည့် အတွက် လှေပေါ်ပါလာသူများမှာ တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း စက်လှေနစ်မြုပ်စဥ် ဆိပ်ကမ်းတွင်ရှိနေခဲ့သည့် ရသေ့တောင်မြို့ခံအမျိုးသားတစ်ဦးကပြောသည်။
" ကလေးက ၄ ယောက်လောက်ပါတယ်။ စက်လှေမြုပ်တာနဲ့ ဆိပ်ကမ်းကအလုပ်သမားတွေ ရေထဲခုန်ဆင်းသွားကြတယ်။ ပြီးတော့ လှေပေါ်ပါတဲ့သူတွေအကုန်လုံးကယ်နိုင်လိုက်ပါတယ်" ဟု သူကပြောသည်။
အဆိုပါစက်လှေတွင် ကလေးသူငယ် ၄ ဦး ဝန်းကျင်ထိပါပြီး စုစုပေါင်းခရီးသည် ၁၀ ဦးကျော်လောက် လိုက်ပါကြောင်း သိရသည်။
ဓာတ်ပုံံ- ဘကပရဟိတတောင်လှမော်ဆရာတော်