အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

အငူမော်-မောင်တော ကားလမ်း ဆိုးဝါးစွာပျက်စီးလာနေ၍ ကုန်ကားအချို့ ကုန်ပို့မှု ရပ်ထားရ


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၀၇ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်နယ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသို့ အဓိကဆက်သွယ်ထားသော Asia World ဖောင်ဒေးရှင်းက အဆင့်မြှင့်တင်ဖောက်လုပ်ခဲ့သည့် မောင်တော-အငူမော်ကားလမ်းမှာ ပို၍ ဆိုးဝါးစွာပျက်စီးလာသည့်အတွက် ကုန်ကားအချို့ ကုန်ပို့မှုများ ရပ်နားထားရကြောင်း သိရသည်။

အဆိုပါ မောင်တော - အငူမော်ကားလမ်းသည် နယ်စပ်ကုန်သွယ်ရေးအတွက် အလွန်တရာ အရေးပါသည့်အပြင် စစ်တွေမှ မောင်တောသို့ သွားရာတွင် အချိန်ကုန်သက်သာစေသည့် ကုန်သွယ်ရေးလမ်းဖြစ်သည်။

ကားမောင်းဒရိုင်ဘာတစ်ဦးက လမ်းတွေကတော့ ခုက ပိုဆိုးလာတယ်။ သွားဖို့တောင် မကောင်းတော့ဘူး။ ကျနော်ကတော့ ခုမသွားတော့ဘူး။ လမ်းတွေကတော့ မိုးရွာသွားရင် လုံးဝသွားလို့မရဘူး။ မိုးမရွာတဲ့နေ့ဆို မနက်ပိုင်းကောင်းရင် ညနေဆို မကောင်းတော့ဘူး။ နှစ်တိုင်းလိုလိုပေါ့။ ဒါပေမဲ့ ဒီနှစ်က အဆိုးဆုံးလို့ ပြောလို့ရတယ်ဟု ပြောသည်။

ယင်းလမ်းရှိ မောင်တောမြို့နယ်၊ ဥဒေါင်းကျေးရွာနှင့် ၃ မိုင်ကျေးရွာကြားလမ်းပိုင်းဆိုလျှင် ကားဘီးများ ချစရာမရှိအောင် ဆိုးရွာနေသည့်အတွက် အချိန်ကုန်ငွေကုန်သည့်အပြင် လူများပါ ပင်ပန်းနေကြောင်း နောက်ထပ်ကုန်ကားမောင်းသူတစ်ဦးက ပြောသည်။

အမှန်က နှစ်နာရီခရီးပါ။ အခုလို့ လမ်းတွေဆိုရွားနေတော့ အချိန်တွေ ကုန်တာပေါ့။ ပြီးတော့ အခုလမ်းခင်းဖို့ ကျောက်တွေလည်း ကုန်ပြီ။ လမ်းတွေက ကောင်းမကျန်ခဲ့ဘူးလေ။ အချိန်ကုန်ငွေကုန် လူပင်ပန်းတာပေါ့။ သက်ဆိုင်ရာတွေက လုပ်ပေးရင်တော့ ပိုကောင်းတာပေါ့နော်ဟု ပြောသည်။

ယခုပျက်စီးနေသည့် လမ်းပိုင်းများသည် သြဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုကြောင့် ပျက်စီးခြင်းမျိုးမဟုတ်ဘဲ ယခင်ကတည်းက ပျက်စီးနေခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။

နှစ်စဉ်မိုးရာသီရောက်တိုင်း ဆိုးဝါးစွာပျက်စီးနေသော မောင်တောနယ်စပ်ကုန်သွယ်စခန်းသို့ သွားသည့် လမ်းများအား ယခုနှစ်အတွင်း အစိုးရအနေဖြင့် ပြန်လည်ပြုပြင်ပေးခြင်း တစ်စုံတစ်ရာမရှိသေးဟု ကားသမားများက ပြောသည်။

သို့သော်လည်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသို့ လူကြီးခရီးစဉ်ရှိ၍ ပျက်စီးနေသည့် လမ်းပိုင်းအချို့ကို ဖာထေးပြုပြင်ခဲ့ကြောင်း ကုန်ကားမောင်းသူများက ပြောသည်။

မောင်တော-အငူမော်ကားလမ်းသည် အရှည်မိုင် ၅ဝ ခန့်ရှိသည်ဟုလည်း သိရသည်။

အဆိုပါလမ်းကို Asia World ဖောင်ဒေးရှင်းက ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်၊ မေလ ၁ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါလမ်းပိုင်းအတွင်း မောင်တောမြို့နယ် ဝေသာလီ-ဥဒေါင်းသွား ကားလမ်းပိုင်း မိုင်တိုင်အမှတ် ၁/ဝ နှင့် ၁/၁ မိုင်ကြား (မေယုဂေါက်ကွင်းနှင့် ရွှေရင်အေးကျေးရွာကြား) ရှိ အနံ ၁ဝ ပေ၊ အလျား ၂၄ ပေရှိသော ရေထုတ်ပြွန်ကွန်ကရစ်တံတားငယ်သည် ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်က ရေလွှမ်းမိုးခံရ၍ ပျက်စီးသွားခဲ့သည်။ 

 

ဓာတ်ပုံ - ကိုသန်းနိုင်

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!