နောင်မင်းသူ၊
နိရဉ္စရာ၊ မေ ၁၄ ရက်/၂၀၂၄
ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်း၊
အငူမော်သွားလမ်းပေါ်ရှိ ကင်းချောင်းရခိုင်ကျေးရွာအား မေလ ၁၄
ရက် ယနေ့ နေ့လယ် ၁၂ နာရီကျော်အချိန်တွင် စစ်ကောင်စီမှ
ဂျက်တိုက်လေယာဥ် ၂ စီးဖြင့် လာရောက် ဗုံးကြဲချသဖြင့် ဒေသခံ
အနည်းဆုံး ၃
ဦးသေဆုံးပြီး ၅ ထက်မနည်း အပြင်းအထန်ဒဏ် ရာရရှိသွားကြောင်း ကင်းချောင်းဒေသခံများက ပြောသည်။
သေဆုံးသွားသူများမှာ ဘိုကျော် (၃၄)နှစ်နှင့် အမျိုးသမီးနှစ်ဦး တို့ဖြစ်ကြပြီး ဒဏ်ရာရရှိသူများမှာ ဒေါ်အေးနုမြိုင် (၅၀) နှစ်၊ မချိုချိုဝင်း (၂၈) နှစ်၊ မနွယ်နွယ် (၂၀) နှစ်နှင့် အခြား ရွာသား၂ ဦးတို့ ဖြစ်ကြသည်။ ဒဏ်ရာရရှိသူများအထဲတွင် ဒဏ်ရာပြင်းထန်သူများ ပါဝင်ကြောင်း ဒေသခံများထံမှသိရှိရသည်။
ကင်းချောင်းကျေးရွာကို စစ်ကောင်စီက တိုက်လေယာဥ် ၂ စီးဖြင့် ယနေ့ နေ့လယ်ပိုင်း၌ နှစ်ကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့သည်ဟု မျက်မြင်ကျေးရွာသားတစ်ဦးက ပြောသည်။
''ဂျက်လေယာဥ် ၂ စီး နဲ့ ဗုံးကြဲသွားတာ။ ရွာသား ၃ ဦးပွဲချင်းပြီးသေတယ်။ ဒဏ်ရာရသူ ၅ ဦး အထိရှိနေတယ်။ ဒီထက်လည်း များနိုင်တယ်။ အရေအတွက်အတိအကျမသိရသေးဘူး။"
မေလ ၁၂ ရက်နေ့ကလည်း နခခ(၅)မှလက်နက်ကြီးပစ်ခတ်မူကြောင့် မောင်တောမြို့နယ် လေးမိုင် သာယာကုန်းကျေးရွာနှင့် ငွေတောင်ကျေးရွာများမှ ဒေသခံ ၅ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြကြောင်း ဒေသခံများထံမှသိရသည်။