သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အမ်းတွင် ပြည်မသို့သွားသည့် ကားတစ်စီးနှင့်အတူ မူဆလင် ၁၀ ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.7k

မြထွီးသျှင်
နိရဥ္စရာ၊ ဧပြီ ၁/ ၂၀၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြည်မသို့သွားသည့် ခရီးသည်တင်ယာဉ်တစ်စီးနှင့်အတူ လိုက်ပါလာသော မူဆလင် ၁၀ ဦးသည် ယမန်နေ့က ဖမ်းဆီးခဲ့ခံရကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၃၁ ရက် ညနေ ၆ နာရီခန့်က အမ်းမြို့နယ်၊ ကံမြင့်ကန်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်အဝင်၊ အထွက်များအား စစ်ဆေးနေစဉ်တွင် ထိုသို့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ််းဆီးခံရသူများတွင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၆ ဦးပါဝင်ပြီး စစ်တွေမြို့မှ ထွက်ခွာလာသည့် ကစ္စပနဒီခရီးသည်တင်ယာဉ်၏ ကုန်ပစ္စည်းများထားသည့်အခန်းတွင် လိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများမှာ အမ်းမြို့နယ်ရဲစခန်းသို့ရောက်ရှိခြင်းမရှိသေး၍ အကြောင်းစုံကို သေချာမသိသေးကြောင်း အမ်းမြို့နယ်ရဲစခန်းမှူး ဒုရဲမှူးမျိုးကြည်က နိရဥ္စရာသို့ပြောသည်။
“သူတို့ရောက်မှပဲ ဘယ်လိုအရေးယူရမလဲသိရမှာ။ လဝကဘက်ကနေပြီးတော့ လာအရေးယူပြီးမှ ကျနော်တို့က အမှုဖွင့်လို့ရမယ်” ဟုပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများသည် လမ်းတွင် ကားပျက်နေသည့်အတွက် စခန်းသို့ ယနေ့ညနေမှ ရောက်ရှိမည်ဟုဆိုသည်။
ဖမ်းဆီးခံရသူများလိုက်ပါလာသည့်ကားကို မောင်းနှင်လာသည့်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၄ ဦးကိုလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၆၇ ဖြင့် အမှုဖွင့်လှစ်ရန်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၂ ရက်ကလည်း အမ်းစစ်ဆေးရေးဂိတ်တွင် မူဆလင် ၄ ဦးဖမ်းဆီးခံခဲ့ရကာ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ- ၆(၂)၊ ၆(၃) တို့ဖြင့်အမှုဖွင့်ခံထားရကြောင်း သိရသည််။
ဓာတ်ပုံ - ရခိုင်နေ့စဉ်

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!