နိရဉ္စရာ၊
ဇန်နဝါရီ ၁၈/၂၀၂၂
ရခိုင်ပြည်နယ်တွင်
နိုင်ငံရေး အခြေအနေနှင့် ဒေသမတည်ငြိမ်မှု၊ စက်ရုံအလုပ်ရုံရှားပါးမှုတို့ကြောင့် ဒေသခံပြည်သူများ အနေဖြင့် အလုပ်အကိုင် ရှားပါးသည့် ပြသနာကို ကြုံတွေ့နေရပြီး ထိုအထဲတွင် သာမန်ဒေသခံများထက်
မသန်စွမ်းများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုနည်းပါးသည်ကို ကြုံတွေ့နေရကြောင်း
မသန်စွမ်းသူများအရေးကို ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၉
ခုနှစ်က လူဝင်မှုကြီးကြပ်ရေးဌာနမှ ကောက်ခံထားသည့် သန်းခေါင်စာရင်းအရ မသန်စွမ်းဦးရေမှာ
၅၀၅၅၃ ဦးရှိပြီး အများစုမှာ မိသားစုများ၏ အကူအညီအထောက်အပံ့ဖြင့်
ရပ်တည်နေရသူများ ဖြစ်သည်ဟု ၎င်းတို့က
ပြောဆိုသည်။
ရခိုင်တွင် မသန်စွမ်းသူများအတွက်
မိမိကိုယ်ကိုရပ်တည်နိုင်ရန် အတတ်ပညာသင်ကြားရေးနှင့်
အလုပ်အကိုင် အခွင့်အလမ်းများလည်း
နည်းပါးနေပြီး ၎င်းတို့နှင့်ကိုက်ညီသည့် အလုပ်အကိုင်များ ရရှိအောင်လည်း သက်မွေးဝမ်းကျောင်း သင်တန်းများ ပို့ချပေးရန် လိုအပ်သည်ဟု ရခိုင်ပြည်နယ်
မသန်စွမ်းသူများ
အစည်းအရုံး ဥက္ကဋ္ဌ
ဦးလှမြင့်က နိရဉ္စရာသို့ပြောသည်။
"မသန်စွမ်းတွေရဲ့အခက်အခဲတွေကတော့အလုပ်အကိုင်ရဖို့၊
နောက်ပြီး သက်မွေးဝမ်းကျောင်း တက်ဖို့တာတွေ ပေါ့နော်။ အလုပ်ရဖို့ကတော့ သူတို့ရဲ့
အလုပ်ဌာနနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေ၊ ကိုယ့်ကျွမ်းကျင်ရာအတတ်ပညာတွေကိုလိုအပ်တယ်။ ကျနော်တို့က
ရန်ကုန်မှာရှိတဲ့ကျောင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ သင်တန်းလျှောက်လွာတင်ပြီးတော့
အလှည့်ကျသွားတက်ကြတာတွေရှိတယ်" ဟုပြောသည်။
ထို့အပြင်
မသန်စွမ်းများတတ်ကျွမ်းထားသည့် သက်မွေးဝမ်းကျောင်းပညာရပ်များကို လက်တွေ့အလုပ်လုပ်ကိုင်နိုင်ရန်
လုပ်ငန်းရှင်များမှ လက်ခံကူညီထောက်ပံ့ပေးရန်လိုအပ်ပြီး မိသားစုဝင်များမှလည်း
၎င်းမသန်စွမ်းများ တတ်ကျွမ်းထားသည့် သက်မွေးဝမ်းကျောင်း ပညာရပ်များကို
လက်တွေ့အသုံးချနိုင်ရန်
အကူအညီအထောက်အပံ့များပေးသင့်သည်ဟု မသန်စွမ်းအရေးလုပ်ဆောင်နေသူများကပြောသည်။
ရွှေရခိုင်
မသန်စွမ်းသူများအစည်းအရုံးကို တည်ထောင်သူတစ်ဦးလည်းဖြစ်၊ ကိုယ်တိုင် မသန်စွမ်းတစ်ဦးလည်း ဖြစ်သည့် မခင်ခင်ဇော်(ခ) မခင်ယဉ်ဇော်က "ဘယ်နိုင်ငံမှာမဆို
အလုပ်အကိုင်ဟာ ပညာရေးနဲ့သက်ဆိုင်ပါတယ်။ မသန်စွမ်းတွေမှာ ပညာမရှိတော့
သက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ပြီးတော့ အလုပ်အကိုင်ရဖို့ကလည်းဝေးတယ်။ ဝေးတော့ ဒီလိုအခက်အခဲတွေကြုံတယ်။
အဲဒါတင်မဟုတ်ဘူး။ သက်မွေးဝမ်းကျောင်းနဲ့ကြည့်ပြန်တော့လည်း မသန်စွမ်းကလုပ်နိုင်တဲ့
သက်မွေးဝမ်းကျောင်းတွေကိုလည်း လုပ်ခွင့်မရဘူးဖြစ်နေတယ်။ အခုချိန်မှာ
သန်စွမ်းတဲ့သူတွေမှာတောင် အခက်အခဲရှိတယ်၊ မသန်စွမ်းသူတွေမှာတော့
ပိုဆိုးတာပေါ့။ မသန်စွမ်းတွေက မလုပ်နိုင်တာမဟုတ်ဘူး၊ လုပ်နိုင်တယ်။
သူတို့လုပ်နိုင်မယ်
မဟုတ်ဘူးလို့ ထင်ကြတယ်။ မိသားစုတွေကလည်း
သူကမသန်စွမ်းပဲ နေပါစေ ဆိုပြီး မှီခိုခွင့်ပဲပြုကြတယ်။ ကိုယ့်အားကိုကိုးနိုင်အောင်
လေ့ကျင့်ခွင့်မပေးဘူး။ အမှန်ဆိုရင်ကျမက ခြေထောက်ပဲမသန်တာ၊
လက်သန်တယ်၊ လက်နဲ့လုပ်လို့ရတဲ့အလုပ်တွေအများကြီးပဲ"
ဟုပြောသည်။
ရခိုင်ကမသန်စွမ်းသူများအတွက်
အလုပ်အကိုင်အခွင့်အလမ်းများအပြင် အတန်းပညာများ သင်ယူနိုင်ရန်၊
သက်မွေးဝမ်းကျောင်းပညာရပ်များ သင်ယူနိုင်ရန်အတွက်လည်း အစိုးရမှ
ထိထိရောက်ရောက်ကူညီပေးသင့်သည်ဟု မသန်စွမ်းသူများကပြောသည်။
ရခိုင်တွင်
မသန်စွမ်းသူများအတွက် ပတ်ဝန်းကျင်မှ ဦးစားပေးကူညီမှုများ၊ အလုပ်အကိုင် နေရာချပေးမှုများ၊ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးမှုများ၊
အတန်းပညာ အသက်မွေး
ဝမ်းကျောင်းပညာရပ်များနှင့်
အများပြည်သူပိုင်နေရာများတွင် မသန်စွမ်းများအတွက် နေရာထိုင်ခင်းစီစဉ်ပေးထားခြင်း
တို့ကိုလည်း ထိထိရောက်ရောက်လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးသလို
ကူညီထောက်ပံ့ပေးမှုများ
နည်းပါးနေသေးကြောင်း မသန်စွမ်းသူများကပြောသည်။
ထို့အပြင် ရခိုင်က
မသန်စွမ်းများအတွက် မသန်စွမ်းအခွင့်အရေးများ ရရှိ အသုံးချနိုင်ရန်အတွက်လည်း
အစိုးရမှ မသန်စွမ်းမှတ်ပုံတင်များလည်း ထုတ်ပေးရန်လိုအပ်သည်ဟု
ရခိုင်ပြည်နယ် မသန်စွမ်းသူများအစည်းအရုံးဥက္ကဋ္ဌ
ဦးလှမြင့်ကပြောသည်။
ရခိုင်တွင်
မသန်စွမ်းများအတွက် ၎င်းတို့လုပ်ဆောင်နိုင်သည့် သက်မွေးဝမ်းကျောင်း အလုပ်အကိုင်များအတွက်လည်း
ထောက်ပံ့ကူညီပေးမှုများလိုအပ်နေပြီး မသန်စွမ်းများ၏
စိတ်အားငယ်မှုများအတွက်လည်း စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးသည့် ကဏ္ဍများ
ပိုမိုလုပ်ဆောင်လာနိုင်ရန်လိုအပ်ကြောင်း မသန်စွမ်းအရေးလှုပ်ရှားနေသူများကပြောသည်။
ရခိုင်တွင် စစ်အာဏာသိပြီးနောက်ပိုး
ဒေသမတည်ငြိမ်မှု၊ ကျေးလက်ဒေသမဖွံ့ဖြိုးမှု၊ ခိုးဆိုးလုယက်မှုများ
များပြားလာသဖြင့် မသန်စွမ်းများအတွက် အခက်အခဲများစွာရှိလာပြီး
စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုများ ပိုမိုခံစားလာရသည်ဟု
မသန်စွမ်းများကပြောသည်။
(NN-8)
ဓာတ်ပုံ-
ရခိုင်ပြည်နယ်မသန်စွမ်းသူများအစည်းအရုံး