တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

ဘရာဇီးတောင်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း ၂၁ဦး သေဆုံး


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 627

ဘရာဇီးနိုင်ငံတောင်ပိုင်း၌ အင်္ဂါနေ့က အပူပိုင်းလွန် ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ပြီး လေပြင်းနှင့်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်း ၂၁ဦး သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည်။

မိုးဆက်တိုက် ရွာသွန်းမှုကြောင့် လာမည့်ရက်များအတွင်း ရေလွှမ်းမိုးမှုများ ထပ်မံ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ဆိုသည်။

ဘရာဇီးတောင်ပိုင်းသို့ ကျရောက်ခဲ့သည့် မုန်တိုင်းများအနက် အသေအပျောက်အများဆုံး မုန်တိုင်းဖြစ်သည်ဟု ရီယို ဂရန်ဒီ ဒိုဆူလ် ပြည်နယ်အုပ်ချုပ်ရေးမှူး အက်ဒွါဒို လိုင်တီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

" ကျွန်တော်တို့ အများကြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ရေကျသွားတဲ့အချိန် မူကမ်မြို့မှာ အလောင်း ၁၅ လောင်း တွေ့ရပြီး စုစုပေါင်း သေဆုံးသူ ၂၁ဦး ရှိသွားပါပြီ" ဟု သူကပြောသည်။

တနင်္လာနေ့တွင် စတင်ဝင်ရောက်လာသော မုန်တိုင်းနှင့်အတူ မိုးကြီးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ၂၄နာရီအတွင်း မိုးရေချိန် ၁၂ လက်မအထိ ရောက်ရှိကာ ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားခဲ့သည့်အတွက် လူပေါင်း ၆၀၀၀ နီးပါးကို ၎င်းတို့​၏ နေအိမ်များမှ အတင်းအကြပ် ရွှေ့ပြောင်းပေးခဲ့ရသည်ဟု အာဏာပိုင်များက ပြောကြားသည်။


လူဦးရေ ၅၀၀၀ နေထိုင်သော မူကမ်မြို့ငယ်တွင် တာကွာရီမြစ်ရေလျှံတက်လာပြီးနောက် အိမ်ခေါင်မိုးပေါ်တက်နေရသော လူ ရာပေါင်းများစွာကို ကယ်တင်ခဲ့ရသည်ဟု ဆိုသည်။

ဒေသခံ သတင်းမီဒီယာတစ်ခု​၏ အဆိုအရ မြို့​၏ ၈၅% ကျော်မှာ ရေလွှမ်းမိုးမှုဖြစ်ပေါ်နေသည်ဟု သိရသည်။

" ပျောက်ဆုံးနေတဲ့ လူတွေရှိတယ်။ သေစာရင်းက တိုးပွားလာဖို့ ရှိနေတယ်" ဟု မူကမ်မြို့ အုပ်ချုပ်ရေးမှူး မက်တီယပ်စ် ထရိုဂျန်က ရေဒီယို ဂေါ်ချာသို့ ပြောကြားခဲ့သည်။

ဘရာဇီးသမ္မတ လူလာဒါ ဆေးလ်ဗားကလည်း ရေဘေးဒဏ်သင့်သူများ စည်းလုံးညီညွတ်ကြရန် သတင်းစကားပါးခဲ့ပြီး ဗဟိုအစိုးရအနေနှင့် ကူညီရန်အသင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။

သေဆုံးသွားသူများတွင် ပက်ဆိုဖန်ဒိုမြို့၌ လူတစ်ဦး ဓါတ်လိုက်ခဲ့ပြီး အိုင်ဘီရိုင်းယားမြို့တွင် လင်မယားနှစ်ဦး မောင်းနှင်လာသော ကားတစ်စီး တံတားပေါ်ဖြတ်သန်းစဉ် ရေစီးဖြင့်မျောပါသွားမှုတို့ ပါဝင်သည်။

မုန်တိုင်းသည် မြို့ပေါင်း ၆၇ မြို့ကို ဖြတ်ကျော်တိုက်ခတ်ခဲ့ပြီး စုစုပေါင်း လူဦးရေ ၅၂၀၀၀ မုန်တိုင်းဒဏ် ခံစားခဲ့ရသည်ဟု အာဏာပိုင်များက ပြောကြားသည်။

ref: The Daily Star

 

ဆက်စပ် သတင်းများ