ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဖာပွန်မြို့နယ်က ဝန်ထမ်းများ နုတ်မထွက်ပါက ပိုမိုထိရောက်စွာအရေးယူမည်ဟု KNU တပ်မဟာ (၅)ထပ်မံသတိပေး


  • ရေးသူ: Web Master (NN 25)
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 759

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ မူတြော်ခရိုင်၊ အမှတ် (၅) တပ်မဟာ နယ်မြေအတွင်း (ဖာပွန်မြို့နယ်) မှ  စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ နုတ်မထွက်ပါက ပိုမိုထိရောက်စွာ အရေးယူသွားမည်ဟု စစ်ရေးချုပ်ရုံး၊ အမှတ် (၅)တပ်မဟာဌာနချုပ်၊ KUN က ထပ်မံထုတ်ပြန် သတိပေးထားကြောင်း သိရှိရသည်။

အဆိုပါ ထုတ်ပြန်အသိပေးမှုကို သြဂုတ်လ (၈)ရက်နေ့ ရက်စွဲဖြင့် KNU ဗဟိုက ကြေညာထားခြင်း ဖြစ်ပြီး ကြေညာချက်အတိုင်း အတိအလင်း လိုက်နာဆောင်ရွက်ကြပါရန်နှင့် မလိုက်နာသောသူအား အမိန့်ဆန့်ကျင်သူများအဖြစ် သတ်မှတ်ပြီး ယခင်ထက်ပိုပြီး ထိ‌ရောက်သည့် အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားအတွက် အထောက်အကူ ပေးနေသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရာထူးတာဝန်မှ စွန့်လွတ်၊ ထွက်ခွာ၊ နုတ်ထွက်ရန် ၂၀၂၃ ခုနစ်၊ ဇန်နဝါရီ (၁)ရက်နေ့က ထုတ်ပြန် အသိပေးထားခဲ့ပြီး ဖြစ်ကြောင်း၊  လက်ရှိ စစ်ကောင်စီ အကျိုးပြုလုပ်ငန်များလုပ်ကိုင်နေသည့် ဝန်ထမ်းများအား ထပ်မံ အသိပေးရခြင်းဖြစ်ကြောင်း KNU ဗဟိုက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လပိုင်းအတွင်းက KNU တပ်မဟာ ၅ နယ်မြေအတွင်း KNLA နှင့် စစ်ကောင်စီ BGF ပူးပေါင်း အဖွဲ့တို့အကြား တိုက်ပွဲ ၁၉၀ နီးပါး ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

၎င်းတိုက်ပွဲများကြောင့် စစ်ကောင်စီဘက်မှ ၁၀၀ ကျော် သေဆုံးခဲ့ကာ ၈၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ KNLA ဘက်မှ ရဲဘော် ၁ ဦးကျဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ (၅) စစ်ရေးသတင်း ထုတ်ပြန် ချက်များအရ သိရှိရသည်။

ဓာတ်ပုံ - KNU တပ်မဟာ (၅) ထုတ်ပြန်ချက်

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!