အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

အွန်လိုင်းစနစ်ဖြင့် စျေးရောင်းချသူများ အရေးကြီးကုန်စည်နှင့်၀န်ဆောင်မှု ဥပ‌‌ဒေပုဒ်မဖြင့် အရေးယူမည်ဟု စစ်ကောင်စီအမိန့်ထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

အွန်လိုင်းစနစ်ဖြင့် စျေးရောင်းချသူများအား လုပ်ငန်းလိုင်စင်မရှိလျှင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်သည်။

“ရှင်းပါတယ်။ အွန်လိုင်းစနစ်နဲ့ ရောင်းမယ်ဆို မှတ်ပုံတင်လာလျှောက်ပေါ့။ မလျှောက်လို့ မရှိရင် တော့ သတ်မှတ်ကာလကျော်ရင် ဥပ‌‌ဒေအရ အ‌ရေးယူသွားရမှာပဲ”ဟု စစ်ကောင်စီ၏ စီး/ကူး ဝန်ထမ်း တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (ဂ) အရ အွန်လိုင်းစနစ်ဖြင့် စျေးရောင်းချခြင်းအား အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်လိုက်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် စျေး‌ရောင်းချနေသူများနှင့် စျေးရောင်းလိုသူများသည် စစ်ကောင်စီထံ မှတ်ပုံတင်ရ မည်ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်နိုင်ဦး လက်မှတ်ရေးထိုး ထုတ်ပြန်ချက်တွင် “ အမိန့်ကြေငြာစာကို ထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့် နေ့မှ စတင်၍ မှတ်ပုံတင် လက်မှတ်မရှိဘဲ အွင်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်ခြင်းကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း” ပါရှိသည်။

အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ၏ ပြစ်မှု ပြစ်ဒဏ်အနေဖြင့် အနည်းဆုံး ထောင်ဒဏ် (၆)လမှ အများဆုံးထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေကျပ် (၅)သိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်ခံရမည် ဖြစ်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

၎င်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအား ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွတ်တော် ဥပဒေအမှတ် ၁၃ သြဂုတ်လ ၁၀ ရက်နေ့တွင် ပြဌာန်းခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီထုတ်ပြန်သည့် လုပ်ငန်းလိုင်စင် သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနတွင် လျှောက်ထား နိုင်ကြောင်း သိရှိရသည်။ (NN – 25) ဓာတ်ပုံ - အွန်လိုင်းစျေးရောင်းချမှုအား အရေးကြီးကုန်စည်နှင့် ၀န်ဆောင်မှု အဖြင့် သတ်မှတ်မှု (စကစ)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!